Wednesday, October 20, 2010

သွားကြားထိုးတံနှင့်ပြုလုပ်ထားသော အဆောက်အအုံများ

သွားကြားထိုးတံနှင့်ပြုလုပ်ထားသော အဆောက်အအုံများ





အနုပညာ ဆိုတာ ဖန်တီးသူရဲ့ နှလုံးသားဝိဥာဉ်မှာ စီးပူးနေတတ်တဲ့ နတ်တစ်ပါးပါတဲ့ ။ ဒါကြောင့် အနုပညာ မှန်သမျှ ခံစားသူရင်ထဲကို ထိုးထွင်းဝင်ရောက်သွားတာအမှန်ပါပဲ ။ ယခုတခါလည်း သွားကြားထိုး တံ တွေနဲ့ပြု လုပ်ထားတဲ့ အနုပညာလက်ရာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ် ။ ကမ္ဘာကျော် အဆောက်အ အုံတွေကို သွားကြားထိုးတံလေးလေးတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ အနုပညာလေးတွေဟာ အံ့မခန်းဖွယ်ရာ ပြောင်မြောက် လွန်းလှပါတယ် ။ ကဲ ကျွန်တော်တို့အားလုံး ဒီအနုပညာလေးတွေကို အတူတူ ခံစားကြည့်ကြပါစို့ ။


















သက်တန့်ချို
20 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရိုလာကိုစတာလမ်းမများ

ရိုလာကိုစတာလမ်းမများ




ဝိုးးးးးးး မယုံကြည်နိုင်ဖွယ်ရာပါပဲ ။ မြေလှိုင်းတွန့်ပုံသဏ္ဍာန်လမ်းမတွေပေါ်မှာ ကားစီးရင်း ခရီးသွား လိုက်ရရင် တော့ ရိုလာကိုစတာ စီးနေရသလို သင်ခံစားရမှာအမှန်ပါပဲ ။ ဒါပေမယ့်သင် မျက်စိရှင်ရှင်ထား ဖို့တော့ လိုပါ လိမ့်မယ် ။ တစ်ဖက်ကနေ ကားလာနေသလား မလာဘူးလားဆိုတာကိုတော့ ကားမီးရောင် (သို့မဟုတ်) ဟွန်းသံ ပေးပြီး အချက်ပြမှသာ အဆင်ပြေမှာဖြစ်ပါတယ် ။ ရွှေပြည်ကြီးမှာလည်း ဒီလို ကားလမ်းမများ များများ ဖောက်လုပ်နိုင်ပါစေခင်ဗျာ ။ ဒါမှ ကားစီးရင်း ရိုလာကိုစတာ စီးရတဲ့အရသာကို ခံစားရမှာမို့ပါ ။












သက်တန့်ချို
20 Oct 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 19, 2010

ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၆)

ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၆)



ဟောက်ဆာဂျင်ဆင်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရ အဖြစ်အပျက်တွေကတော့ ရေးမ ကုန်နိုင်အောင်ပါပဲ ။ ဟောက်ဆာဂျင်ဘ၀မှာ ဆေးပညာ ၊ ခွဲစိတ် ၊ ကလေးနဲ့ သားဖွားမီးယပ်ဆိုပြီး Posting တစ်ခုကို ၃ လနဲ့ တစ်နှစ်တိတိ ဆင်းရပါတယ် ။ အပင်ပန်းဆုံးနဲ့ အပြိုင်းဆုံးက ဆေးပညာလို့ခေါ်တဲ့ Medical Ward နဲ့ သားဖွားမီးယပ်လို့ခေါ်တဲ့ OG Ward တွေမှာ Posting ဆင်းခဲ့တဲ့အချိန်တွေပါပဲ ။ Medical Posting ဆင်းတုန်း ကဆိုရင် ကျွန်တော့်ကို Case လိုက်သူအဖြစ် လူတိုင်းခေါ်ကြပါတယ် ။ ကျွန်တော်နဲ့ဆိုရင် ဘယ်သူမှ Night Duty မဆင်းချင်ကြပါဘူး ။ ဟုတ်လည်းဟုတ်ပါတယ် ။ ဂျူတီဝင်မယ့်မနက် ကျွန်တော်တို့အဖွဲ့ဝင်လာရင် Medical Ward တစ်ခုလုံး ရှင်းလို့လင်းလို့ ။ တစ်ယောက်စ နှစ်ယောက်စ ပဲရှိတယ် ။ အဲ...ကျွန်တော်တို့ တစ်နေ့လုံး တစ်ညလုံး ဂျူတီဆင်းပြီး နောက်နေ့မနက် Night Off ထွက်ရင်တော့ နောက်လာမယ့် ဂျူတီသမား တွေ သေဖို့သာပြင်ပေတော့ ။ လူနာတိုင်းကို ကုတင်စေ့ လုံးဝမလွတ်စေရဘူး ။ ဆေးရုံလာတတ်ကြတာ ။ အဲဒီလောက်ထိကို case လိုက်ခဲ့တာ ။

တခါတုန်းက မှတ်မှတ်ရရပေါ့ ။ Medical ward မှာ Night Off တစ်ဖွဲ့ဖယ်လိုက်ရင် အားလုံးကျန်တာ ၂၀ ကျော် လောက်ရှိပါတယ် ။ အဲဒီဟောက်ဆာဂျင်တွေအားလုံးက ဆိုင်ရာတာဝန်ယူပြီး အဲဒီနေ့ ဂျူတီသမားကို ၀ိုင်းကူ လုပ်ပေးရပါတယ် ။ ညနေ လေးနာရီဆိုရင်တော့ ဂျူတီသမားကလွဲလို့ ကျန်တဲ့သူတွေပြန်လို့ရပါပြီ ။ ကျွန်တော်တို့ ဂျူတီဆင်းတဲ့ တစ်ရက်မှာပေါ့ မနက် ၈ နာရီ ဂျူတီလွှဲပြောင်းယူပြီးကတည်းက လာလိုက်တဲ့ လူနာတွေ ၀င်လာမစဲတသဲသဲ ပဲ ။ ဖွဲနက် ပက်သလား အောက်မေ့ရတယ် ။

အရှိန်က ဘယ်အထိပါသွားသလည်းဆိုရင် ဂျူတီသမား ပါကမ ကျန်တဲ့သူတွေပါ နေ့လည် ၂ နာရီထိုးနေပြီ ။ ဘယ်သူမှ ထမင်းမစားရသေးဘူး ။ ဒီလိုနဲ့ ဆက်လုပ်လာလိုက်ကြတာ ညနေ ၄ နာရီကျော်ပြီးလည်း ၀င်လာမစဲတသဲသဲ ပဲ ။ ပထမလက်ထောက်ဆရာဝန် (FA) က ဒီနေ့လူနာများတဲ့အတွ့် ပြီးသလောက် ဂျူတီသမားကို ၀ိုင်းကူပေးရမယ်လို့ မှာထားခဲ့ပါတယ် ။ အကုန်လုံးက ပွစိပွစိနဲ့ ။ ညနေ ၆ နာရီကျော်တောင်ဘယ်သူမှမပြန်ရသေးပါဘူး ။ ကျွန်တော်တို့လည်း အားနာတာနဲ့ ကိုယ့်ဘာသာပဲ ဆက်လုပ်လိုက်မယ်ဆိုပြီး ဂျူတီသမား လေးယောက်ပဲ ဆက်လုပ်ပါတော့တယ် ။ မှတ်မှတ်ရရ အဲဒီတစ်ညလုံး ထမင်းငတ်ပါတယ် ။

တစ်ယောက်က Stroke လူနာလာလို့ Menyl ချိတ် Ryle's Tube(နှာခေါင်းပိုက်) ထည့် ၊ Catheter (ဆီးပိုက်) ထည့်နေရင် နောက်တစ်ယောက်က အသစ်လာတဲ့လူနာကို History မေး Examination လုပ် လိုအပ်တဲ့ Drip ချိတ် ဘာညာလုပ်နေရပါတယ် ။ အဲဒီအချိန်နောက်တစ်ယောက်က အဆုတ်ထဲရေ၀င်ခြင်း (Pleural Effusion) ကိုစုပ်ကောင်းနေတဲ့အချိန် ၊ ကျန်တစ်ယောက်က Tapping (ဗိုက်ထဲမှရေကိုဖောက်ထုတ်ခြင်း) လုပ်ရင်လုပ် မလုပ်ရင် Injection လိုက်နေပေတော့ ။ တစ်ညလုံး အဲဒီအတိုင်းပါပဲ လုံးဝမနားခဲ့ရပါဘူး ။ အဲဒီည အတူဆင်း ခဲ့တဲ့ AS အစ်မကြီးက နောက်နေ့ဂျူတီထွက်ခါနီးတော့ ကျွန်တော့်ကိုစိုက်ကြည့်ပြီး

" ဟဲ့ ..ကောင်စုတ် ..နောက်တစ်ခါ နင်နဲ့အတူ ဂျူတီဆို ကိုယ့်ကိုယ်ကိုယ်သတ်သေပစ်မယ် တစ်သက်လုံး အတူမဆင်း ဘူး " တဲ့ ။ အဲဒီလို ဆုပေးသွားသေးတယ် ဟိဟိ ။

နောက်မှ ကြားရတာက အဲဒီ AS အစ်မက Night Off နံနက်ခင်းမှာ ချစ်သူကောင်လေးနဲ့ သာယာသော နံနက်ခင်း လေးကို ဖြတ်သန်းဖို့ ကြံစည်ထားသည်ဟူသတတ် ။ သို့သော်ငြားလည်း ကျွန်တော်တို့နဲ့ ဂျူတီဆင်း ပြီးသကာလ တစ်ညလုံး အိပ်မရ ။ လူကပင်ပန်းနဲ့ အိမ်ရောက်တော့ အကြောဆေးတွေဘာတွေ ချိတ်လိုက်ရပြီး ဘဲဘဲနဲ့ ချိန်းထားတာ လွဲသွားရပါတယ်တဲ့ ။ ( အော်...စိတ်မကောင်းလိုက်တာ အစ်မရယ် ..အခုအချိန်အထိ အဲဒီအစ်မ က ကျွန်တော့်ကို လမ်းမှာတွေ့ရင်တောင် ဝေးဝေးက ရှောင်သွားလေ့ရှိပါတယ် ဟီး..) Medical မှာ ဆင်းခဲ့တဲ့တလျောက်လုံး ကျွန်တော်တို့ ဒါဏ်အခံရဆုံးက သူငယ်ချင်း မေသက်ထွန်းပါပဲ ။ ကျွန်တော်တို့ရဲ့ Senior ပါ ။

ဆင်းတဲ့အဖွဲ့မှာ မိန်းကလေးကလည်း သူတစ်ယောက်တည်း ။ အရမ်းလည်းသည်းခံတတ် နောက်ဖဲ လည်းမက စားတတ်ဆိုတော့ ကျွန်တော်တို့ကောင်တွေ ခဏလေး ငါးမိနစ်နား ငါးမိနစ်ဖဲရိုက်ရင်သူ့ခမျာ Ward ထဲလူ နာကြည့်နေရရှာတယ် ။ ညဖက် ကြာဇံကြော်တစ်ယောက်တစ်ထုပ်ဝယ်တိုင်း သူ့ကိုယ်တာ စားမကုန်လို့ ကျန်တဲ့ ကျွန်တော်တို့ ၃ ယောက် မျှစားရတာကြီးပါပဲ ။ အလုပ်မှန်သမျှ သူချည်းပဲ ဒိုင်ခံလုပ်တာ ။ Night Off မနက်ဆို မျက်တွင်းဟောက်ပက်နဲ့ ။ (အော်...သနားလိုက်ပါဘိ မေသက်ထွန်းရေ..အခုတော့လည်း ယောင်္ကျားရ သွားပြီ လား မသိ ) သူလည်းပဲ ပို့စ်တင်ပြီးခါနီးမှာ ကျွန်တော့်ကို စိုက်ကြည့်ပြီးတစ်ခွန်းပြောသွားပါသေးတယ် ။

" နောက် တစ်ခါ ပို့စ်တင်ကျရင် နင်နဲ့ငါအတူမဆင်းတော့ဘူးနော် " တဲ့ ။ မှတ်ကရော ။

နောက်တခါ မှတ်မှတ်ရရ အဖြစ်ကတော့ သားဖွားမီးယပ်ဆောင်မှာ အလုပ်သင်ဆင်းခဲ့တဲ့ ဂျူတီတစ်ညပါပဲ ။ သားဖွား မီးယပ်ဆင်းတော့ ငါးယောက်ကို တစ်အုပ်စု ။ ကျွန်တော်ရယ် ၊ ဇော်ကြီးရယ် ၊ ဂျပုရယ် ၊ မှဲ့ကြီးရယ် ၊ ချိုကြီး ရယ်ဖြစ်ပါတယ် ။ အဲဒီအထဲမှာ မှဲ့ကြီးရယ် ချိုကြီးရယ်ဆိုတာက မိန်းကလေး နှစ်ယောက်ပါ ။ မှဲ့ကြီးဆိုတာက အဲဒီကောင်မလေး မေးစေ့မှာ စံပယ်တင်မှဲ့ဆိုလား ဘာလား အကြီးကြီးတစ်လုံးပါလို့ မှဲ့ကြီးလို့ ခေါ်တာပါ ။ ဇော်ကြီးနဲ့ ချိုကြီးနဲ့က အတွဲတွေပါ ။ ထုံးစံအတိုင်း မိုးတွေသည်းသည်းမည်းမည်း ရွာတဲ့ ဂျူတီတစ်ညမှာပေါ့ ။ နေ့လည်မှာကတည်းကကိုယ်ဝန်ဆောင်သည်တစ်ယောက် (Eclampsia) ကိုယ်ဝန်ဆိပ် တက်ပြီး Expire ဖြစ်သွားပါတယ် ။

အဲဒီမှာ တင်မှဲ့ကြီးက သူ Pressure တိုင်းတိုင်းနေတဲ့ လူနာဆိုတော့ အခုလို ဆုံးသွားတော့ သူ့မှာ ကြောက်လန့်လို့နေပါတယ် ။ တစ်ညနေလုံး လူနာအသစ် (NA) လုံးဝမလာတဲ့အတွက် ထုံးစံအတိုင်း ကျွန်တော်ရယ် ၊ ဇော်ပြီးရယ် ၊ ဂျပုရယ် အလုပ်လေးပါးတုန်း အပေါ်ထပ် House Surgeon နားနေခန်းမှာ ဖဲရိုက်ကြပါတယ် ။ အဲဒီအခန်းမှာ ရေချိုးခန်း တွဲရက်ပါပါတယ် ။

တစ်နေ့ခင်းလုံး ကလေးတွေမွေးပေးထားရတော့ မှဲ့ကြီးက သူရေချိုးဦးမယ်ဆိုပြီးတော့ ရေချိုးခန်းထဲ ၀င်သွား ပါတော့တယ် ။ ဆယ့်ငါးမိနစ်လောက်အကြာမှာတေ့ အထဲကနေ ထုရိုက်သံတွေစကြားရပါတယ် ။

" ဒုန်း....ဒုန်း.....ဒုန်း...ဟဲ့ကောင်တွေ ဘာလို့ အပြင်က ဂျက်ချထားတာလည်း အခုမြန်မြန်ဖွင့်ပေး "

" အာ..မှဲ့ကြီးရာ ဒီမှာရှုံးနေရတဲ့အထဲ နင့်ကိုစဖို့ ငါတို့ စိတ်မ၀င်စားသေးဘူး "

" ဟဲ့...မြန်မြန်ဖွင့်ပေးနော် ..ငါကြောက်နေပြီ "

အဲဒီတော့မှ ကျွန်တော်တို့လည်း ရေချိုးခန်းကိုကြည့်မိတော့ အပြင်ကနေ တံခါးဂျက်ချထားတာကိုတွေ့ရပါတယ် ။ အထဲမှာ လည်း ကျွန်တော်တို့ ၃ ယောက်ထဲ ။ ဘာကြောင့် ဂျက်က အပြင်က ပိတ်သွားရသလဲဆိုတာ မစဉ်းစား တတ်အောင်ပါပဲ ။ တံခါးဂျက်ကလည်းချောင်မနေပါဘူး ။ မနည်းကို ဆွဲဖွင့်ရတာပါ ။ အဲဒီအချိန်ကစပြီး မှဲ့ကြီးက ကျွန်တော်တို့ သုံးယောက်ကို စတယ်ထင်ပြီး တစ်ပတ်လောက်အထိ စိတ်ဆိုးနေတာကို မနည်း ရှင်းယူရပါတယ် ။ အမှန်က ကိုယ်တွေအကုန်လုံး ဖဲရိုက်နေရင် သူ့ကို စဖို့နေနေသာ.... အကုန်လုံးကို မေ့နေတော့တာ ဟီး...။

အဲဒါကတော့ OG Ward မှာ ပထမဆုံး သရဲအခြောက်ခံရတာပေါ့ ။ လူတွေအကုန်လုံးရှိနေပါလျှက် ကျွန်တော် တို့ကို လာစမ်းသွားတာပါပဲ ။ နောက်တခါ ကြုံတွေ့ရတဲ့ အံ့သြဖွယ်ရာ အဖြေရှာမရတဲ့ သရဲခြောက်ခြင်း များကို လည်း ဆက်လက်ရေးသွားပါဦးမယ် ။

သက်တန့်ချို
19 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 18, 2010

အချစ်.....ဆူး

အချစ်.....ဆူး


(၀န်ခံချက်။ ။ ဤဘလော့ပို့စ်သည် ကျွန်တော်၏ တစ်ဖက်သက်အမြင် Personal View များသာဖြစ်ပါသည် ။ အချို့အ ရာ များမှာ မှန်သည်ရှိသလို အချို့အရာများမှာလည်း မှားနိုင်ပါသည် ။ သင်လက်ခံနိုင်သော အမြင်များ ကို လက်ခံနိုင်ပြီး သင်လက်မခံနိုင်သော အမြင်များကို ပြန်လည်ချေပ ပြောဆိုနိုင်ပါသည် ။ )

အချစ်ဆိုတာ ဆူးတစ်ချောင်းနဲ့တူတယ်တဲ့....။ သင်ကရော ဘယ်လိုထင်ပါသလဲ ?
.
.
.
.
.
.
.
.
.
.
.
မှန်ပါတယ် ။ အချစ်ဆိုတာ ချောကလက်တစ်တောင့်ထက်စာရင်တော့ ဆူးတစ်ချောင်းနဲ့ပိုတူပါတယ် ။ တကယ်ချစ်မိပြီဆိုရင် ရင်ထဲကို ဆူးချွန်ချွန် တစ်ချောင်းနဲ့ စိုက်သွင်းလိုက်သလိုပါပဲ ။ နင့်ကနဲကို ဖြစ်သွား လေ့ရှိပါတယ် ။ အဲဒီဆူးနေတဲ့အချစ်ဆူးကို နှုတ်ပစ်ရင်လည်း နှလုံးသွေးတွေ ပွက်ကနဲ ထွက်ပြီး သေသွား နိုင်သလို မနှုတ်ပဲ ဒီအတိုင်းထားရင်လည်း ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာကျင် ကိုက်ခဲ နေတတ်ပါတယ် ။ သင်ဆိုရင် ရော အချစ်ဆူးတစ်ချောင်း ဆူးမိပြီဆိုပါတော့ ။ နှုတ်ပစ်မှာလား ? ဒီအတိုင်း ထားမှာလား ?

အချစ်ဆိုတာဘာလဲ ?

ကမ္ဘာဦးအစကနေ အခုအချိန်ထိ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ပါတယ် ။ အချို့က တော့ အချစ်ဆိုတာ ရုပ်ဝထ္ထုလို့ မြင်ကြတယ် ။ ရင်ခုန်ခြင်းလို့ မြင်ကြတယ် ၊ တပ်မက်ခြင်း ၊ လှပခြင်း စသဖြင့် အမျိုးမျိုး ထင်မြင်ကြပါတယ် ။ ကျွန်တော်ကတော့ အဲဒါတွေအားလုံးနဲ့ ဆန့်ကျင်ဖက် အချစ်ကို အချစ်လို့ပဲ မြင်တယ် ။ အချစ်တစ်ခု မွေးဖွား ပေါက်ဖွားဖို့ အချိန်မလိုဘူး ၊ နေရာမလိုဘူး ၊ ကြားခံနယ်မလိုဘူး ၊ အသက်အရွယ်မလိုဘူး ။ တစ်စက္ကန့် ၊ တစ်မိနစ် ၊ အကြည့်တစ်ချက် ၊ အသံတစ်သံ ကအစ အချစ်ဖြစ်သွား နိုင်ပါတယ် ။ သင်ယုံနိုင်မှာ မဟုတ်ပါဘူး ။ အချစ်ဆိုတာကိုက ထူးခြားဆန်းကျယ်လွန်းတဲ့ ပဉ္စလက် ပြကွက် တစ်ခုပဲလေ ။ ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးဆိုတာကိုလည်း သင်သတိထားဖို့ လိုပါတယ် ။ တခါတရံကျ တော့လည်း ကျွန်တော်တို့ နှလုံးသားကို သိပ်ပြီး မယုံကြည်မိပါစေနဲ့ ။ လူတစ်ဦးတစ်ယောက်ကို ရင်ခုန်မိလို့ ကိုယ်က အချစ်လို့ သတ်မှတ်ပြီးခါမှ တခြားလူတစ်ယောက်ကိုလည်း ရင်ခုန်နေပြန်သေးတယ်ဆိုရင် ရင်ခုန်တိုင်း အချစ်လို့ ခေါ်နိုင်ပါဦးမလား ။ ဒါကြောင့်အချစ်ဆိုတာ သိပ်ပြီး ယုံကြည်ဖို့ကောင်းတဲ့ အရာမဟုတ်ဘူးလို့ ကျွန်တော် ထင်မိလိုက်ပြန်တယ် ။

ဘာကြောင့်ချစ်သလဲ ?

ချစ်သူရည်းစား အတွဲတွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ် ။ ဘာကြောင့်ချစ်သလဲတဲ့ ။ တချို့က အသံလေးကို ချစ်လို့ ၊ မျက်လုံးလေးကိုချစ်လို့ ၊ ခန္ဓာကိုယ်လေးကို ချစ်လို့ စသဖြင့် အမျိုးမျိုးဖြေကြပါတယ် ။ ကျွန်တော်ကတော့ အဲဒီလို အဖြေတွေကြားရတိုင်း ဟားတိုက်ပြီးရယ်မောလေ့ရှိတယ် ။ ဒါတွေအားလုံးဟာ အချစ်မှ မဟုတ်ပဲ ။ အသံလေးကို ချစ်လို့ ဆိုတဲ့ လူ အဲဒီအသံလေးပျက်သွားရင်ရော ။ မျက်လုံးလေးလှလို့ ချစ်တဲ့သူ အဲဒီမျက်လုံး နှစ်လုံး ထုတ်ပြီးကန်းသွားရင်ရော ၊ ခန္ဓာကိုယ်လေးချစ်တဲ့သူ အသက်ကြီးလို့ ဘုတ်ထိုင်း ကြီးဖြစ်ပြီး ပျက်ဆီးသွားရင်ရော အချစ်ဆိုတာ ဘယ်ချောင်ကပ်သွားပါပြီလဲ ။ ဘယ်တော့မှ မပျက်ဆီးတဲ့ တည်တံ့ခိုင်မြဲတဲ့ ချစ်ခြင်းမှာ ဘာကြောင့် ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်မရှိပါဘူး ။အကြောင်း ပြချက် ရှိခဲ့ရင်လည်း အဲဒါအချစ်မဟုတ်တော့ပါဘူး ။ ဘာကြောင့်ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု သင့်မှာ ရှိနေပြီဆိုရင် ဒါဟာ သင့်ရဲ့ လိုအင်ဆန္ဒတစ်ခုအတွက် အချစ်ကို အမည်ခံပြီး အတ္တကြီးနေခြင်းသာ ဖြစ်ပါ လိမ့် မယ် ။

အချစ်နဲ့နောင်တ

အချစ်မှာ နောင်တရှိသလားဆိုတဲ့ မေးခွန်းကလည်း အတော်လေးကို စဉ်းစားစရာပါ ။ နောင်တဆိုတာ ကျွန်တော်တို့ သိထားတာက အမှားတစ်ခုခုကို လုပ်မိတဲ့အတွက် နောင်အခါမှ ပြနလည်ပူဆွေးခြင်းလို့ ဖြစ်ပါ တယ် ။ ဒါပေမယ့်ခက်တာက အချစ်နဲ့ ပါတ်သတ်လာရင် လူတိုင်း လိုလိုက (ကျွန်တော်အပါအ၀င်) ဘာပဲ လုပ်လုပ် အမှားလို့ သိပ်မမြင်တတ်ကြဘူး ။ ဒီတော့ မှားသွားခဲ့ရင်လည်း နောင်တရစရာသိပ်မရှိဘူးပေါ့ ။ တကယ် လည်း အချစ်မှာ တရားမျှတခြင်း ၊ မမျှတခြင်း ၊ နောင်တရခြင်း ၊ မရခြင်းဆိုတာ မရှိပါဘူး ။ ကျွန်တော် ဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းအရ ကိုယ်တကယ်ချစ်တဲ့သူကို ပေးဆပ်လိုက်ရတဲ့အတွက် ကိုယ့်အနေနဲ့ တန်သလား မတန်သလား ဆိုတာ ပဲ ရှိပါတယ်တဲ့ ။ လူတစ်ဦးကို ချစ်ပြီးမှ ငါမှားသွားပြီ နောင်တရလိုက်တာ ဆိုရင်တော့ သင်တကယ်မချစ်ခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ် ။ တကယ့်အချစ်စစ်မှာ မှားယွင်းခြင်း ၊ နောင်တ ရခြင်း ဆိုတာ မရှိပါဘူး ။

အချစ်စစ်ဆိုတာဘာလဲ?

အချစ်ကိုတော့ လူတိုင်းတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာပါပဲ ။ တခါတလေတော့လည်း လူတွေကို ကြည့်ရတာအရမ်းကို ရီစရာကောင်းလွန်းပါတယ် ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ပြီဆိုရင် ဘာလိုအပ်မယ်လို့ သင်ထင် ပါသလဲ ။ ငွေကြေးလား ၊ အလုပ်အကိုင်လား ၊ ရာထူး ဂုဏ်တွေလား ၊ စာချုပ်စာတမ်းလား ၊ တကယ် တော့ လူနှစ်ဦးတကယ်ချစ်ကြမယ်ဆိုရင် ကျန်အရာအားလုံးဟာ သိပ်အရေးမကြီးတော့ပါဘူး ။ အချစ်စစ်ကို တချို့က ရယူပိုင်ဆိုင်လိုခြင်း၊ ပေါင်းစည်းခြင်း ၊ အတူတူနေထိုင်ခြင်း ၊ ကြင်နာယုယခြင်း ၊ ပေးဆပ်ခြင်းစသဖြင့် အမျိုးမျိုးသတ်မှတ်ကြပါတယ် ။ ကျွန်တော့်ခံယူချက်ကတော့ အချစ်စစ်ဆိုတာ အဲဒါတွေတစ်ခုမှမဟုတ်ပါဘူး ။ နှစ်ယောက်ပေါင်းမှ အချစ်ဖြစ်မယ်လို့ ဆိုရင်လည်း ဒါဟာ အိမ်ထောင်ပြုခြင်းသက်သက်သာ ဖြစ်ပါလိမ့်မယ် ။ အချစ်စစ်ဆိုတာ ဒီကောင်းကင်ကြီးအောက် တစ်နေရာမှာ ချစ်ရတဲ့ သူရှိနေပါလားဆနုတဲ့အသိနဲ့တင် ကြည်နူး ရင်ခုန်နေတတ်တဲ့ အသိစိတ်လေးတစ်ခုဖြစ်ပါတယ် ။ သူ့အကြောင်းကို တမင်တကာကြီး တွေးမနေရပဲ ဦး နှောက်ထဲ အမြဲပေါ်လာလေ့ရှိပြီး သူ့ကောင်းကျိုးကို အစဉ်လိုလား မေတ္တာပို့သနေတတ်တဲ့ စိတ်ဝိဥာဉ်လေး တစ်ခုပေါ့ ။ အဲဒီစိတ်ကလေးမှာ ရယူလိုခြင်းမရှိဘူး ၊ သိမ်းပိုက်လိုခြင်းမရှိဘူး ၊ ပေါင်းစည်းလိုခြင်းမရှိဘူး ။ ချစ်သူ လေး နဲ့ ကောင်းကင်ကြီးအောက် တစ်မိုးတည်းအတူတူနေခွင့်ရလို့ ကျေနပ်နေတတ်တဲ့ စိတ်ကလေးသာ ရှိလိမ့်မယ် ။

အချစ်နဲ့စာချုပ်

ဒီနေ့ခေတ်ကြီးမှာ အချစ်ကို တံဆိပ်ရိုက်စာချုပ်ချုပ်နဲ့ အဓိပ္ပါယ်မရှိတဲ့အလုပ်တွေကို သတင်းစာထဲထိကြေငြာပြီး ပေါတော တောတွေ ပြုလုပ်နေကြပါပြီ ။ တကယ်တော့လူနှစ်ဦး ပေါင်းစည်းဖို့ လက်ထပ် စာချုပ်လေးတစ်ခုနဲ့ ထိမ်းချုပ်ထားတယ်ဆိုတာ အတော်လေးရီစရာကောင်းတဲ့ ကိစ္စတစ်ခုပါ ။ ကျွန်တော်တို့ လူမျိုးထုံးစံအရ လူကြီးမိဘ သဘောတူပြီး အရှေ့ (၇)အိမ် ၊အနောက် (၇) အိမ် အသိအမှတ်ပြုရင် ပုဆိုးတန်းတင် အကြင်လင် မယားအရာမြောက်ပါတယ် ။ လက်ထပ်စာချုပ်ကြီးတွေချုပ် နောက်သဘောထားခြင်းမတိုက်ဆိုင်လို့ ကွဲကြ ပြဲကြနဲ့ အဲဒီလက်ထပ်စာချုပ်က တကယ်ပဲ လူနှစ်ယောက်ကို ပေါင်းစည်းပေးနိုင်သတဲ့လား ။ တကယ် လူနှစ်ဦးကို သေတပန်သက်တဆုံး ပေါင်းစည်းပေးနိုင်တာက ခိုင်မြဲတဲ့အချစ်နဲ့သံယောဇဉ်သာဖြစ်ပါလိမ့်မယ် ။ ဘာမှမ ဟုတ်တဲ့ စာရွက်လေးတစ်ရွက်ပေါ်က စာကြောင်းတွေမဟုတ်ပါဘူး ။ ဒါကိုသင် သတိပြုဖို့တော့ လိုပါလိမ့် မယ် ။

အချစ်နှင့်ဆန္ဒ

ကိုယ်ကလူတစ်ဦးကိုချစ်မိပြီဆိုပါစို့ ။ သူ့ဆီက ပြန်လည်ချစ်ခွင့်ကိုတောင်းပြီး လိုချင်တဲ့အဖြေမဟုတ်ခဲ့ရင် အသဲ ကွဲ တာတွေ ပူဆွေးသောကများတာတွေ ဖြစ်ကြပြန်ရော ။ သင်တကယ်ချစ်မိပြီဆိုရင် သူ့ဖက်က ပြန်ချစ်ချစ် မချစ်ချစ် သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး ။ သူပြန်ချစ်တာကို သင်လိုချင်တယ်ဆိုကတည်းက ဒါဟာ သင့်လို အင် ဆန္ဒသက်သက်သာဖြစ်ပြီး သင်သူ့အပေါ်ထားတဲ့ အချစ်မဟုတ်ပါဘူး ။ တကယ်ချစ်မိပြီဆိုရင် သူ့ဆီက သင် ဘာမှလိုချင်မှာမဟုတ်ပါဘူး ။ သူ့ကို ချစ်နေတယ်ဆိုတဲ့ အသိစိတ်လေးတစ်ခုနဲ့တင် ကမ္ဘာလော ကကြီးဟာ နေပျော်စရာကောင်းနေမှာအမှန်ပါပဲ ။

သက်တန့်ချို
18 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 16, 2010

ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၂)


ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၂)




ကျွန်တော်နှင့် ဂျီပီဘ၀ကို အပိုင်းဆက်လေးတွေရေးမယ်လို့ ပြောပြီး ဆက်မရေးဖြစ်ခဲ့တာ အတော်ကြာခဲ့ပါပြီ ။ အပိုင်း (၁) နဲ့တင်ရပ်ထားပြီး တခြားပို့စ်တွေကို လှည့်ရေးနေမိခဲ့တယ် ။ ဂျီပီလုပ်သက်လေး တစ်နှစ် ကျော်လာ တော့ တွေ့ကြုံရတဲ့ အတွေ့အကြုံလေးတွေကို ချရေးဖို့ အချိန်တန်လာပါပြီ ။

စပ်ဆေးနှင့် လူနာများ

ကျွန်တော်တို့ ဂျီပီတွေရဲ့ အကြီးမားဆုံးရန်သူကတော့ စပ်ဆေးရောင်းသူများလို့ပဲ ပေါ်ပေါ်ထင်ထင် မှတ်ချက်ချ မိပါတယ် ။ ရောင်းလိုက်တဲ့ စပ်ဆေးတွေ လတ်တလော လူနာဘာဖြစ်နေသလည်းမေး ၊ ပြီးတော့ ရောဂါ လက္ခဏာ (Symptoms) သက်သာစေတဲ့ ဆေးလေးတွေရောင်စုံစပ်ပြီး ပေးလိုက်တာပါပဲ ။ ဆေးတိုးလို့ တစ်ခွက် နှစ်ခွက်နဲ့ ပျောက်တဲ့သူရှိသလိုပိုဆိုးသွားတဲ့လူနာတွေလည်း ဒုနဲ့ဒေးပါပဲ ။ ဥပမာ bacteria ပိုးကြောင့်ဖြစ်တဲ့ ၀မ်းသွားခြင်း (diarrhoea) မှာ ပဋိဇီဝ ပိုးသတ်ဆေး (Antibiotic) ထည့်မပေးပဲနဲ့ Dicotil လို ဆေးမျိုးတွေပေးကြတယ် ။ ဒီမှာတင် လူနာက အပြင်ကတော့ ၀မ်းပိတ်ပြီး အတွင်းဖက်က မွှေနေပြီး ပိုဆိုး လာပြန်ပါရော ။ နောက်တစ်ခုက Antibiotic တွေကို ပေးချင်သလို ပေးနေကြတဲ့ ကိစ္စ ။ ဘာပဲဖြစ်ဖြစ် ဆေးဆိုင်တွေက Amoxicillin ဆိုလည်း ဖျားနေလား ပေးလိုက်တာပဲ ။ ၀မ်းကိုက်နေလား ရော့ Metro သောက် ။ ဟုတ် နေတာပဲ ။ ကြားထဲမှာ ခံရတာက ဘာမှမသိနားမလည်တဲ့ လူနာတွေပါ ။ ပိုဆိုးတာက Antibiotic တွေကို Course ကုန်အောင်မပေးကြတော့ ကြာလာတော့ Bacteria ပိုးတွေက ဆေးတွေကို ယဉ်ပါးလာခြင်း (Resistance) တွေဖြစ်ပြီး ဆေးမတိုးတော့တာပါပဲ ။

အမှန်တော့ Antibiotic သည် ဆေးဆိုင်မှာ တင်ရောင်းလို့ရတဲ့ (OTC - Over The Counter) အမျိုးအစား မ ဟုတ်ပါဘူး ။ ဆရာဝန်တစ်ဦးဦး ညွှန်ကြားမှသာ သောက်သုံးရတဲ့ (Prescription) ဆေးမျိုးဖြစ်ပါတယ် ။ ဘာ ကြောင့်များ ဆေးဆိုင်တွေမှာ ပိုးသတ်ဆေး (Antibiotic)တွေကို ဆရာဝန်ညွှန်ကြားချက်မပါပဲ ရောင်းချ ခွင့်ပြု နေကြသလဲဆိုတာကိုတော့ မစဉ်းစားတတ်အောင်ပါပဲ ။ မြန်မာနိုင်ငံရဲ့ Health Care System မှာ လစ်လျှူရှု ထား တဲ့ အားနည်းချက်တစ်ခု အဖြစ် မြင်မိပါတယ် ။ တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်တာမျိုး ရှိသင့် နေပါပြီ ။

ဒီကိစ္စကို ဆရာဝန်တစ်ယောက်ရဲ့ View ကနေမကြည့်ပဲ လူနာတွေဖက်က ကြည့်မယ်ဆိုရင်တော့ ပြဿနာ လေးတွေရှိနေတာကိုတွေ့ရပါတယ် ။ စပ်ဆေးကို တစ်ခွက် တစ်ရာနဲ့ သုံးခွက်လောက် သသောက်ရင်ပျောက် ၊ ဆရာဝန်ဆီဆေးလာထိုးရင် ထောင့်ငါးရာ နှစ်ထောင် ၊ သူတို့ဘယ်လမ်းကို ရွေးချယ်ကြမယ်လို့ ထင်ပါသလဲ ။ မြန်မာနိုင်ငံရဲ့ အခြေခံ လူအများစုဟာ လက်လုပ်လက်စားနဲ့ ဆင်းရဲသားတွေများပါတယ် ။ အသိပညာ ချို့တဲ့ တဲ့အပြင် ငွေကြေးမပြည့်စုံမှုကြောင့် စပ်ဆေးတွေကို အားကိုးနေခြင်းကိုလည်း အပစ်မဆိုသာပါဘူး ။ ဆရာဝန် တွေဖက်က ယူသင့်သလောက်သာယူ ပြီး ရိတ်လိုက်မယ်ဟဲ့ ပါးပါးလှီးလိုက်မယ်ဟဲ့ ဆိုတဲ့ လူသားမဆန်တဲ့ ရိုင်းစိုင်းတဲ့အတွေးတွေကို ခေါင်းထဲက ထုတ်ထားဖို့ လိုပါတယ် ။

ဒီနေ့ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ခြုံကြည့်ရင် ဆရာဝန်တွေ Medical Ethic (ဆေးပညာကျင့်ဝတ်) နည်းလာ တာနဲ့အမျှ လူနာတွေဖက်က ယုံကြည်ကိုးစားမှုနည်းလာတာလည်း ၀မ်းနည်းစရာ ဖြစ်ရပ်ကြီးပါပဲ ။ လူနာတွေ ဖက်က ယုံကြည်မှုပေးဖို့ လိုအပ်သလို ဆရာဝန်တွေဖက်ကလည်း ဆရာဝန်ပီသစွာ နေထိုင်ကြဖို့ လိုနေပါပြီ ။ လူနာနဲ့ဆရာဝန်အပြန်အလှန်ယုံကြည်ကိုးစားပြီး ရိုးသားဖြူစင်တဲ့ဖြစ်ရပ်လေးတွေရှိနေပါသေးတယ် ။ အဲဒီထဲက အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါ့မယ် ။

လွန်ခဲ့တဲ့ ၂ လလောက်ကပေါ့ ။ ကျွန်တော်ထိုင်တဲ့ ဆေးခန်းရှေ့မှာ စံပါယ်ပန်းလေးတွေ ၊ ရွှေပန်းငွေ ပန်းလေး တွေကို တစ်လမ်းဝင်တစ်လမ်းထွက် ရောင်းတဲ့ လင်မယားနှစ်ယောက် အမြဲဖြတ်သွားလေ့ရှိပါတယ် ။ တစ်နေ့ ဆေးခန်းမှာ ပန်းလာရောင်းပါတယ် ။ ကျွန်တော်လည်း နေ့တိုင်းလည်း ဘုရားပန်းကပ်ရတယ် ၊ နောက်ပြီး တစ်နေ့ ပိုက်ဆံ ၂၀၀ လောက်ပဲ လှူတဲ့သဘောပဲ ဆိုပြီး နေ့တိုင်းပန်းဝယ်ပါတယ် ။ ဒီလိုနဲ့ လနဲ့ ချီပြီး အဲဒီပန်းသည်လင်မယားနှစ်ယောက်ဆီက နေ့တိုင်းပန်း ၀ယ်ဖြစ်တယ်ဆိုပါစို့ ။ တစ်နေ့တော့ ပန်းရောင်းတဲ့ မိန်းမက သူ့ကလေးလေး နေမကောင်းလို့ ဆေးခန်းပြဖို့ကလည်း တစ်နေ့လုပ်တစ်နေ့စားဖြစ်တဲ့အတွက် သိပ်မလွယ် ကူကြောင်း ၊ ဒါကြောင့် ဘယ်လို လုပ်ရမလည်းဆိုပြီး အကြံတောင်းပါတယ် ။ အမှန်တော့ ကျွန် တော့်ဆီက ဆေးညွှန်း (Prescription) ကို လိုချင်လို့နဲ့တူပါတယ် ။ လူနာကို မစမ်းသပ်ပဲ အထူးသဖြင့် ကလေး ငယ်တွေမှာ ဆေးညွှန်းပေးရတာ အန္တရာယ်ကြီးတဲ့အတွက် ပိုက်ဆံအတွက် ပူစရာမလိုကြောင်း ဆေးခန်းကို ခေါ်လာခဲ့ပါလို့ ကျွန်တော်ပြောခဲ့တယ် ။ နောက်ရက်ကြတော့ ဆေးခန်းကို ရောက်လာပါတယ် ။

အသက် ငါးနှစ် ၊ အဖျား ၁၀၀ ၊ Hess's test(-) သွေးလွန်တုပ်ကွေးလက္ခဏာမရှိ ၊ အဆုတ် နှလုံးပုံမှန် သာမန် Acute Viral Infection လေးပါပဲ ။ ဒါနဲ့ ကျနော်အဲဒီကလေးကို Treatment ပေးခဲ့ပါတယ် ။ ပြန်ခါနီးကျတော့ ပိုက်ဆံ တစ်ထောင်တန်လေးထုတ်ပေးပါတယ် ။ ကျွန်တော်က ပိုက်ဆံပေးဖို့မလိုကြောင်း ၊ အဲဒီတစ်ထောင်ကို ကလေးကို အားရှိတဲ့ အစားအစာလေးတွေကို ၀ယ်ကျွေးလိုက်ပါလို့ မှာခဲ့တယ် ။ သူတို့တွေ ကျေးဇူးတွေ အထပ်ထပ်တင်ပြီး ပြန်သွားကြတယ် ။ နောက်တစ်ပါတ်လောက်ကျတော့ သူ့ယောင်္ကျားက အဖျားတွေတက်ပြီး အသည်း ကြီးခြင်း(Hepatomegaly ) နဲ့ရောက်လာပါတယ် ။ အခြေအနေက ဆေးရုံတင်ဖို့ Indication တွေရှိ ပါတယ် ။ ဒါနဲ့ဆေးရုံကို ဒီည သွားဖို့အဆင်မပြေကြောင်းပိုက်ဆံစုရမှာဖြစ်ကြောင်းပြောပါတယ်။ကျနော်လည်း ဒီတစ်ည သက်သာအောင်ဆိုပြီး အဖျားကျအောင် လိုအပ်တာတွေလုပ်ပေးပြီး ဆေးရုံသွားဖို့ အညွှန်းရေး ပေးခဲ့ တယ် ။ ဒီမှာတင် ပြန်ခါနီးကျတော့အရင်ကလေးတုန်းကလည်း ပိုက်ဆံမယူလို့ အားနာကြောင်း အခုတစ်ခေါက် ယူဖို့ပြောပါတယ် ။

ကျနော်လည်း သေချာရှင်းပြခဲ့တယ် ။ ဆေးရုံတက်ရတယ်ဆိုတာ စရိတ်ကြီးပြီး တစ်ထောင် နှစ်ထောင်ကအစ တန်ဖိုးရှိကြောင်း ဒါကြောင့် အခုပေးမယ့်ပိုက်ဆံကို ဆေးရုံစရိတ်မှာသုံးဖို့ မှာလိုက်ပါတယ် ။ ဒီမှာတင် လင်မယား နှစ်ယောက်စလုံးက ကျနော့်ကို မမြင်ဖူးတဲ့လူတစ်ယောက်လို စိုက်ကြည့်ပြီး ဆေးခန်းရှေ့လေးမှာ ထိုင်ချ လိုက်ကြပါတယ် ။ ပြီးတော့သူတို့ကလေးလေးပါ ထိုင်ခိုင်းပြီး ကန်တော့ပါလေရော ။ ဘုရားရေ ... ကျနော့် အတွက်အဲဒီလောက်ကြီးတောင် ကန်တော့ဖို့ မလိုပါဘူးဆိုပြီး အတင်းကိုပြန်ထခိုင်းရပါတယ် ။ သူတို့ မျက်ဝန်းမှာ လည်း မျက်ရည်တွေစို့လို့ ။ ဆရာကကျွန်တော်တို့ ထက်ငယ်ပေမယ့် ကျွန်တော်တို့ တွေ့ခဲ့ဖူးတဲ့ဆရာဝန်တွေနဲ့ မတူလို့ ကန်တော့တာပါပဲ ။ ကျွန်တော်လည်းဘာဆက်ပြောရမှန်းမသိခဲ့ဘူး ။ ဆရာဝန်တွေအားလုံး ဒီလိုပါပဲလို့ သူတို့ကို နှစ်သိမ့်ပေးခဲ့တယ် ။ နောက်ရက်ကစပြီး သူတို့ ပန်းလာရောင်းရင် ပိုက်ဆံမယူတော့ဘူး ။ဒါနဲ့ ကျွန်တော် လည်း ပိုက်ဆံ မယူရင်ပန်းလည်းမယူတော့ဘူးလို့ ခြိမ်းခြောက်လိုက်မှ ပိုက်ဆံ ၂၀၀ ကိုပြန်ယူပါတယ် ။ ဘယ် လောက်တောင် ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်လေးတွေပါလဲ ။

ဘယ်လောက်ပဲ ခေတ်တွေပြောင်းပြောင်း လူဟာ လူပါပဲ ။ လူပီသအောင်နေမယ်ဆိုရင် ဆရာဝန်ဖြစ်စေ လူနာ ဖြစ်စေ ဆက်ဆံရေးသည် အမြဲတမ်း ရိုသေယုံကြည် ကိုးစားနေမှာအမှန်ပါပဲ ။ အဓိက ဆိုလိုချင် တဲ့အကြောင်း ကတော့ ဆရာဝန်သည် ဆရာဝန်ပီသစွာ လူနာတွေကို စေတနာထားမယ်ဆိုရင် လူနာတွေဖက်က တုံပြန်တဲ့ Response သည် ဖြူစင်လှပနေမှာ အမှန်ပဲဖြစ်ပါတယ် ။

ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၁) ဖတ်ရန် ။

ဆက်လက်ရေးသားသွားပါဦးမည် ။

သက်တန့်ချို
16 Oct 2010


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, October 15, 2010

အချစ်ကို ကိုးကွယ်ဖူးတဲ့ကောင်




အချစ်ကို ကိုးကွယ်ဖူးတဲ့ကောင်

ထူးပြီးတော့လည်း
လွမ်းမနေချင်တော့ပါဘူး
လူ..ဆိုတာကိုက
ခဏတဖြုတ် " ဧည့်သည် " တွေပဲလေ...
ထူးပြီးတော့လည်း
ချစ်မနေချင်တော့ပါဘူး
အချစ်ဆိုတာကိုက...
ဟိုမှာတွေ့ရ...ဒီမှာတွေ့ရနဲ့
အရမ်းကို ပေါများလွန်းနေခဲ့တယ်...
ထူးပြီးတော့လည်း
သတိရမနေတော့ပါဘူး
ငါ...သတိရတိုင်းသာ..
မင်းလွမ်းတတ်မယ်ဆိုရင်
အလွမ်းတွေသွန်းလောင်းတဲ့ပင်လယ်ပြင်ထဲ
မင်း..ပျောက်ကွယ်နေလောက်ရောပေါ့....
ထူးပြီးတော့လည်း
တွယ်တာမနေချင်တော့ပါဘူး
ခပ်ဆိတ်ဆိတ်..ခပ်တိတ်တိတ်
ငါ့အရိပ်...ငါနင်းပြီး
နှလုံးသားမှာ ဗျည်းအက္ခရာတင်ထားခဲ့မယ်..
" ငါဆိုတာ...အချစ်ကို ကိုးကွယ်ခဲ့ဖူးတဲ့ကောင် "

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သ တိ ရေ ပး ယုံ နဲ့ တ င်.....



သ တိ ရေ ပး ယုံ နဲ့ တ င်.....

ည...ည....ည...
ဒီအမှောင်ထုတွေထဲ
ဘယ်လိုများ ဖြတ်ကျော်ရမလဲကွယ်....
ချစ်သူရယ်....
ဘာကြောင့်များ...သတိရစိတ်တွေကို
ပိုင်စိုး ထားရပါသလဲ ...
နေ့စဉ်ရက်ဆက်...ငါက
အလွမ်းဒါဏ်သင့်နေခဲ့သူပါ
မင်းရဲ့ဝင်သက် တစ်ချက်ကို
ငါ့ရဲ့ တစ်သက်တာ ဘ၀ထက်
တန်ဖိုးထားခဲ့ရတာ
အခုတော့လည်း.....
ရှေ့ဆက်ရမလား...နောက်ဆုတ်ရမလား...
လက်တွဲပါ့မလား...ချန်ခဲ့မှာလား...
ဘာတွေပဲဖြစ်ပျက်ခဲ့ပါစေ...
အို....ချစ်သူရယ်..
ရင်နင့်အောင်ချစ်ခဲ့ဖူးတဲ့လူတစ်ယောက်
လောကရဲ့ထောင့်တစ်နေရာမှာ ရှိခဲ့တယ်ဆိုတာ...
သတိရပေးယုံနဲ့တင်...
ငါ...က.....
နေတတ် ကျေနပ်မယ့်သူပါ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, October 7, 2010

ထုံးဘို သုံးထပ်ရေတံခွန်သို့ အလည်တစ်ခေါက်

ထုံးဘို သုံးထပ်ရေတံခွန်သို့ အလည်တစ်ခေါက်

(ဒီပို့စ်လေးကို တင်မယ်တင်မယ်နဲ့ အလုပ်တစ်ဖက် ကိုးနတ်ရှင်တစ်ဖက်နဲ့ မတင်ဖြစ်သေးတာကြာသွားပါတယ် အခုတော့တင်လိုက်ပါပြီ )



ရာသီဥတုကတော့ ရန်ကုန်ထက်ပိုပြီးပူပြင်းတဲ့နေရာ ။ အခုဆို သူကြီးတစ်ယောက် ရွာကနေ မြို့ကြီးကို တက်သွား လိုက်တာ ရက်တွေတောင် အတော်ကြာခဲ့ပြီပေါ့ ။ ရွာထဲမှာ ဘာတွေများဖြစ်ပျက်နေလည်းဆိုတာ တစ်နေ့ တစ်နေ့ စနည်းနာရတာကလည်း အမောပါပဲ ။ ထုံးစံအတိုင်းပေါ့ ရွာသားမြို့ရောက်ဆိုတဲ့အတိုင်း ဆိုင်ကယ် တွေတ၀ီဝီနဲ့ ရွှေမန္တလေး မြို့တော်ကြီးမှာ မျက်စိ သူငယ်နားသူငယ်နဲ့ပေါ့ ။ မီးရောင်တွေတ၀င်းဝင်း ဆူညံတဲ့ ဆိုင်ကယ်သံတွေနဲ့ ပြိုးပျက်လက်နေတဲ့ ရွှေမြို့တော်ကြီးမှာ သူကြီး အတွက်အတွက် မြင်သမျှဟာ အသစ်အဆန်းတွေကြီးပါပဲ ။ တိုက်ကြီးတွေကြားထဲမှာ သူကြီးကတော့ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ ဟာကနဲ ဟင်ကနဲ အသစ်အဆန်းတွေကို တအံ့တသြ ငေးမောကြည့်ယုံပါပဲ ။

မြို့ပေါ်ရောက်ကာစကတော့ သူကြီးရဲ့ များပြားလှတဲ့အလုပ်တွေကြားမှာ ရုံးနဲ့ ဟော်တယ် ဇယ်ဆက်သလို ပိနေခဲ့ပါတယ် ။ ဒါနဲ့ အစပထမတော့ လုံးဝမရောက်ဖူးတဲ့ ပြင်ဦးလွင်ဆိုတဲ့ ဥယျာဉ်မြို့တော်ကြီး ကိုသွား ရောက် လည်ပတ်ဖို့ ကြားရက်လေးဖြစ်တဲ့ တနင်္ဂနွေမှာ ကြံစည်ထားခဲ့ပါတယ် ။ဒါပေမယ့် ရောက်ဖို့ကံမပါလာပဲ အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားခဲ့ပြီး သူကြီးတစ်ယောက်အဲဒီတစ်မနက်လုံး ဟော်တယ်မှာ ယောင်ချာ ချာနဲ့ ဖြစ်နေခဲ့ရပါတယ် ။ ဒါပေမယ့် ချစ်လှစွာ သော သူကြီးတပည့်ကြီးတွေက ပြင်ဦးလွင် လိုက်မ ပို့ဖြစ်တာ အားနာလို့ ဆိုပြီး အနီးအနားက ရေတံခွန်လေးတစ်ခုကို လိုက်ပို့မယ်ဆိုပြီး တည်းခိုရာ ဟော် တယ်ကြီးကို အုပ်စု လိုက် ချီတက်လာကြပါတယ် ။

နာမည်က ထုံးဘို သုံးဆင့်ရေတံခွန်တဲ့ ။ မန္တလေးမြို့နဲ့ ၁၄ မိုင်လောက်တော့ကွာဝေးပါတယ် ။ ဆိုင်ကယ်သာ မရှိရင် သွားလို့ လုံးဝမလွယ်တဲ့ မြန်မာနိုင်ငံရဲ့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ကမ္ဘာကျော်မယ့် နေရာလေး တစ်ခုပေါ့ ။ သူကြီးကတော့ အော်..ဒီနေရာလေးကို လမ်းလေးတွေပြင် ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို သာ ၀ါးရုံပင် လေးတွေနဲ့ ဆွဲဆောင်လိုက်ရရင်တော့ သောက်သောက်လဲ နာမည်ကြီးလိုက်မယ့်ဖြစ်ချင်းပေါ့ ။ သူကြီး တွေးမိတာပါ ။ အရင်ဆုံး ရေတံခွန်ကိုမရောက်ခင် ဆိုင်ကယ် ၁ နာရီကျော်ကျော်လောက်မောင်းရပါတယ် ။



လမ်းဘေးတစ်ချက်တစ်ချက်မှာ ကျောက်တောင်တွေနဲ့ ထူးဆန်းတာက အဲဒီကျောက်တောင်ကြီးတွေဟာ မြေသား လုံးဝမရှိပဲ ကျောက်စစ်စစ်တွေ ဖြစ်နေလို့ပါပဲ ။ မန္တလေးတစ်မြို့လုံးက တိုက်ဆောက်တာဖြစ်ဖြစ် လမ်းခင်း တာဖြစ်ဖြစ် အဲဒီကျောက်တောင်ကြီးတွေကို မိုင်းနဲ့ ခွဲပြီး ကားနဲ့သယ်ရတာဖြစ်ပါတယ် ။





ဒီလို ဆိုးတဲ့လမ်းတွေကို ဆိုင်ကယ်နဲ့ မောင်းခဲ့ရတာဖြစ်ပါတယ် ။



ကျောက်တုံးတွေကို သယ်ခဲ့တဲ့ ကားကြီးတွေကိုလည်း တွေ့ခဲ့ရပါသေးတယ် ။ လမ်းက တအားဆိုးတဲ့အတွက် ဆိုင်ကယ် ကို နောက်ကနေ မပြုတ်ကျအောင် သူကြီးတစ်ယောက် မြဲမြဲ ကိုင်ထားပြီး ရင်တထိတ်ထိတ်နဲ့ လိုက် ခဲ့ရပါတယ် ။



လမ်းမှာ မြန်မာဆင် ဆိုတဲ့ ဘိလပ်မြေစက်ရုံကိုလည်း တွေ့ခဲ့ရပါသေးတယ် ။



ဒါကတော့ သုံးရာသီ အပန်းဖြေဥယျာဉ်ကို မရောက်ခင်လမ်းမှာတွေ့ရတဲ့ ကျောက်ချောင်းပဲဖြစ်ပါတယ် ။



ရေလွှာပါးပါးလေးနဲ့ ရေတံခွန်အသေးစားလေးကလည်း လာသမျှ လူတွေရင်ထဲ လန်းဆန်းသွားအောင် ဆွဲ ဆောင်နိုင်ပါတယ် ။ ဆိုင်ကယ်လမ်းက တအားဆိုးတဲ့အတွက် နောက်ကနေထိုင်ပြီး ဓါတ်ပုံရိုက်လို့ မရတဲ့အတွက် လမ်းကိုတော့ မရိုက်ခဲ့ရပါဘူး ။ ဒါနဲ့ ပဲ တစ်နာရီကျော်ကျော်လောက် မောင်းပြီးတဲ့အခါမှာ သုံးရာသီ အပန်း ဖြေဥယျာဉ်ကို ရောက်ခဲ့ပြီဖြစ်ပါတယ် ။ ဖုန်တွေတထောင်းထောင်နဲ့မို့ လူက မလှုပ်ချင်လောက်အောင် ပါပဲ ။



သစ်တောစိမ်းစိမ်းနဲ့ လှပတဲ့ တောင်ကမ်းပါးယံ မြင်ကွင်းဖြစ်ပါတယ် ။



မနက်စာမစားရသေးတဲ့အတွက် အဲဒီမှာပဲ ထမင်းဆီဆမ်းနဲ့ လက်ဖက်သုပ် ၊ ကြက်ဥ မွှေကြော် တို့နဲ့ အတူ ထမင်းစားခဲ့ပါတယ် ။ စားကောင်းကောင်းနဲ့စားခဲ့တာ ၂ ပန်းကန်တောင်ကုန်ပါတယ် ။ အဲဒီမှာ တစ်နာရီ လောက် နားပြီးတဲ့အခါ တောင်ပေါ်ကို စတက်ပါတယ် ။ လမ်းကကျဉ်းကျဉ်းနဲ့ နာရီဝက် လောက်သာ တက်ရ တယ်ဆိုပေမယ့် မြင့်မားမတ်စောက်တဲ့အတွက် အရမ်းကို မောဟိုက်ပြီး ပင်ပန်းပါတယ် ။ ဘေးတစ်ဖက်စီ က ၀ါးရုံတောတွေနဲ့ တကယ့်ကို တောတွင်း ခရီးသွားရသလိုပါပဲ ။



ဒါကတော့ သူကြီးတို့ တက်တက်လမ်းကို ရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။ ဒီလိုနဲ့ မောပန်းလွန်းစွာ တက်ပြီးတဲ့အခါမှာ ရေသံ တွေကို စကြားလာရပြီဖြစ်ပါတယ် ။ အရင်ဆုံးရေတံခွန်အောက်ခြေမှာ ၀ါးတဲလေးတွေကို တွေ့ရပါတယ် ။ သူကြီးလည်း ဘောင်းဘီတိုမပါလာတဲ့အတွက် အဲဒီတဲလေးတွေက ပုဆိုးကိုငှားပြီးပဲ ရေထဲ ဆင်းခဲ့ရပါတော့တယ် ။ အဖြစ်ကအဲဒီလိုပါ ။ ရေထဲကို ခြေချမိတဲ့အချိန်ကတော့ အရမ်းကို အေးစိမ့်ပြီး ပင်ပန်းလာသမျှ ယူပစ်သွားသလို ပျောက်သွား ပါတယ် ။ ရေတံခွန်က သုံးဆင့်ဖြစ်ပါတယ် ။ ကျောက်တုံးတွေက ချောကျိလွန်း တဲ့အတွက်အ ရမ်းကိုသတိထားရပါတယ် ။



ဒါကတော့ အဝေးကနေလှမ်းမြင်ရတဲ့ ရေတံခွန်ပုံဖြစ်ပါတယ် ။



ရေတံခွန်အောက်ခြေမှာ အပန်းဖြေစရာ ဒီလို တဲငယ်လေးတွေရှိပါတယ် ။ ဆယ့်ငါးမိနစ်လောက်နားပြီးမှ ရေထဲဆင်းကြတာဖြစ်ပါတယ် ။ သူကြီးကတော့ ၀တ်စရာ ဘောင်းဘီတို အပိုမပါလာတဲ့အတွက် အဲဒီတဲလေး တွေက ပဲ ပုဆိုးငှားပြီး ဆင်းခဲ့ပါတော့တယ် ။



သူကြီးနဲ့ သူကြီး ဘော်ဘော် တပည့် ကိုကျော်တို့ဖြစ်ပါတယ် ။

ရေတံခွန် ပထမအဆင့်ကတော့ နိမ့်ပါတယ် ။ ဒါပေမယ့် ဒုတိယအဆင့်ကို တက်ပြီးတဲ့အခါမှာတော့ ရေအိုင်ကြီး တစ်ခုရှိပါတယ် ။ သူကြီး လည်ပင်းအထိရေနစ်ပြီး အလွန်ကို အေးစိမ့်လှပါတယ် ။ အောက်ခြေက ကျောက်တုံးလေး တွေကို ခြေထောက်နဲ့စမ်းမိပါတယ် ။ တစ်ချို့နေရာတွေကတော့ လူတစ်ရပ်ကျော် ကျော်အထိနစ်တဲ့နေရာတွေရှိပါတယ် ။ ရေတံခွန်ကနေစီးကျနေတဲ့ နေရာရောက်အောင်တော့ မနည်းကို ခြေကုပ်ပြီး သွားယူရပါတယ် ။ အဲဒါကနောက်ဆုံးပါပဲ နောက်တစ်ဆင့်ကိုတော့ တက်မရတော့ပါဘူး ။ မတ်စောက် လွန်းတဲ့ ကျောက်တောင်တွေပဲ ရှိတဲ့အတွက်ပါ ။ ရေတံအခွန် အမြင့်က တော့အလွန်ကို မြင့်မားပြီး ခန့်မှန်းခြေ ပေ ၇၀ ကျော်ကျော်လောက်ရှိပါတယ် ။



ဒါကတော့ အလယ်ကနေ ရေတံခွန်အလှနဲ့ ပဲများနေပုံဖြစ်ပါတယ် ။



အဝေးကနေ လှမ်းရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။



ရေလယ်ခေါင်ကနေ ကနေတာမဟုတ်ပါဘူး ။ လက်ထောင်ပြီး အိုက်တင်လုပ်ဆိုလို့ လုပ်ကြည့်တာ :P



ဘယ်ဖက်အစွန်ဆုံးက သက်တန့်ချို အလယ်က ကိုကျော်နဲ့ အစွန်က တော့ သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ် ။







ရေတံခွန်အလှအပ ရှူခင်းပုံများပဲဖြစ်ပါတယ် ။



ဒါကတော့ရေတံခွန်မှာရေချိုးပြီး အပြန် သုံးရာသီမှာ ခဏအနားယူတုန်းရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။

အပြန်ကျတော့ မှောင်ကလည်းမှောင်နေပါပြီ ။ ဆိုင်ကယ်နောက်ကနေ သေချာထိုင်လိုက်လာရင်း တည်းခိုရာ ဟော်တယ် ကို ည ၇ နာရီလောက်မှ ပြန်ရောက်ပါတယ် ။ ညရောက်တော့ ဘယ်မှတောင်မထွက်နိုင်တော့ပါဘူး ။ လူက တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေပြီး ဟိုတယ်မှာပဲ စောစော နှပ်နေလိုက်ပါတော့တယ် ။

နောက်ပိုင်းလည်း ကြုံရင်ကြုံသလို ခရီးသွားမှတ်တမ်းလေးတွေတင်ပေးပါဦးမယ် ။

သက်တန့်ချို
7 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails