Saturday, July 31, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၀)

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၀)


" Ghost City Hopital " ဟုရေးထားသော အဆောက်အအုံကြီးတစ်ခုပင် ဖြစ်သည် ။ တိုက်ကြို တိုက်ကြား များတွင် မထင်မရှား ဆောက်လုပ်ထားခြင်းပင် ။ ဆေးရုံ၏ ရှေ့တွင် မြေကွက်လပ်ကြီးတစ်ခုရှိလေ၏ ။ ဆေးရုံ ကား နံရံတွင်သွေးများပေစွန်းကာ မှန်ပြတင်းများကား ကွဲလျှက်ရှိပေ၏ ။ ထိုအခိုက် မြေကွက်လပ် အား အသေအချာကြည့်မိရာ ကျွန်ုပ်၏ မျက်လုံးတို့ ပြူးကျယ်သွားရလေတော့သည် ။

" သီတာ"

မျက်နှာမှာ လွန်စွာ တည်ငြိမ်လှပြီး ခါးတွင်သေနတ်ကို ထိုးကာ လက်နှစ်ဖက်က ဓါး နှစ်ချောင်း ကိုကိုင် ထားလေသည် ။ ကျွန်ုပ်လို ဓါးမြှောင်တော့မဟုတ်ပေ ။ ၂ ပေသာသာခန့်ရှိသည့် ကင်တိုဓါးများပင် ။ ၀ိုင်းအုံနေ ကြသော သွေးစုပ်ကောင်များကား ၁၀ ကောင်တိတိ ။ ကျွန်ုပ်လည်း ထိုမြေကွက်လပ်ကို အပြေးသွားလိုက်၏ ။ အတော်အလှမ်းဝေးသဖြင့်သီတာနှင့် သွေးစုပ်ကောင်များ၏ တိုက်ပွဲကား စနေချေပြီ ။ ဓါးချက်များက ပိရိသေသပ်လှစွာ သွေးစုပ်ကောင်များအား တစ်ကောင်ပြီးတစ်ကောင် လှဲသိပ်ချနေလေပြီ ။ ကျွန်ုပ်လည်း တိုက်ပွဲအတွင်းသို့ခုန်ဝင်သွားကာ နီးရာအကောင်များအား ဓါးဖြင့်ထိုးချရင်း သီတာနှင့်ကျောချင်းကပ်လိုက်၏ ။

" ဟင်...အ..အကို သက်တန့် အစ်ကို မသေသေးဘူးနော် ၀မ်းသာလိုက်တာအစ်ကိုရယ် ညီမလေအကို့ကို စိုးရိမ် လိုက်ရတာ "

ဟုမျက်ရည်ဝိုင်းစွာ ကျွန်ုပ်အား ပြောလေသည် ။ သွေးစုပ်ကောင်များကား ကျွန်ုပ်တို့ကို အခြေအနေ စောင့်ကြည့် နေဟန်ဖြင့် ရှေ့သို့ ရမ်းပြီး တိုးဝင်မလာကြပေ ။

" သီတာဘာမှမကြောက်နဲ့နော် အကိုမသေပါဘူး သီတာ .သတိထားနော် ဒီကောင်တွေကို အကိုရှင်းလိုက်မယ် "

ဟုပြောပြီး သီတာ့ထံမှ ကင်တို ဓါးတစ်ချောင်းအား ပြောင်းယူပြီးနောက် ရှေ့တွင်ကာဆီးနေသော သွေးစုပ်ကောင်များအားငှက်ပျောပင်အား ဓါးနှင့်ပိုင်းချလိုက်သကဲ့သို့ ဆိုက်တိုက် ပိုင်းချလိုက်လေတော့သည် ။ လေ့ကျင့်မှု ပြင်းထန်သောကြောင့် ဓါးချက်များက စိတ်နှင့်တစ်ထပ်တည်းကျကာ သွေးစုပ်ကောင်များကား အတုံး အရုံး ။ စက္ကန့် ၃၀ အတွင်းမှာ ပင် သွေးစုပ်ကောင်များကား လုံးဝငြိမ်သက်သွားပေသည် ။ သီတာမှာ ကျွန်ုပ်အား မျက်ရည်များဝိုင်းလျှက် အံ့သြနေဟန်ဖြင့် ကြည့်ရှူနေလေသည် ။

" သီတာ ..လာသွားကြစို့ ဒီဆေးရုံထဲကို အကိုတို့ဝင်ရမယ် "

ဆိုကာ ကျွန်ုပ်က သီတာ၏ နုနယ်သော လက်ကလေးအား ပိုင်ပိုင်ဆွဲခေါ်ကာ ဆေးရုံဆီသို့ လှမ်းခဲ့ လေ တော့သည် ။ ဆေးရုံထဲတွင်တော့ ခုံများက ဖရိုဖရဲ ။ သွေးကွက်များကလည်း ဟိုတစ်ကွက် ဒီတစ်ကွက် နှင့် အန္တရာယ် ကောင်များကတော့ ရှိဟန်မတူပေ ။ ကျွန်ုပ်တို့လည်း ဆေးရုံရှိအခန်းများအား သတိကြီးစွာဖြင့် တစ်ခန်းဝင်တစ်ခန်းထွက် ဆေးရုံရှိ ဆရာဝန်များ၏ Register မှတ်တမ်းအားရှာဖွေလေတော့သည် ။

" Medical Practitioner's Record "

အခန်းတစ်ခန်းရှိ ဘီဒိုအတွင်းမှ အဆိုပါ စာအုပ်လေးအား ကံကောင်းထောက်မစွာ တွေ့ရလေသည် ။ ကျွန်ုပ် လည်းစာအုပ်အား လှန်လှောရှာကြည့်ရာ ရှေ့ဆုံးစာရွက် ၂ ရွက်မြောက်မှာပင်

" Professor Dr. Thomas , Haematologist ,No. AD 1182 , Bloody Street "

ဟုရေးသားထားလေသည် ။ လိပ်စာကို ရှာတွေ့ပြီဖြစ်သဖြင့် ဒေါက်တာသောမတ်စ်အား ရှာတွေ့ရန် မခက်ခဲ လှတော့ပေ ။ ကျွန်ုပ်တို့လည်း ထိုအခန်းထဲတွင်ခေတ္တမျှ အနားယူလေသည် ။

" သီတာ ရထားတွဲပျက်ပြီးဘယ်ပျောက်သွားတာလည်းဟင် အကို လိုက်ရှာတော့ သီတာကို မတွေ့တော့ဘူး "

" အင်း ဟုတ်တယ် အကို သီတာလေ ၀ုန်းကနဲအသံကြားရပြီး အတော်ဝေးဝေးကို လွင့်သွားတယ် နောက်ပြီး လမ်းကြား တစ်ခုထဲ မှာ မေ့မျောနေခဲ့တယ် ခေါင်းမှာလည်း ဒါဏ်ရာရထားတယ်လေ ဒီမှာ "

ဟု သူ၏ ဦးခေါင်းအား ပြလေရာ အနည်းငယ်ပေါက်သွားပြီး သွေးများပင်ခြောက်နေပြီဖြစ်၏ ။ ကျွန်ုပ်လည်း စတိုခန်းတွင်ပင် ဂွမ်း ၊ ပတ်တီး၊ ဆေးရည်ကိုယူကာ အနာအား ဆေးထည့်ပေးလိုက်၏ ။ ဆေးထည့်နေစဉ်မှာပင် သီတာမှာ မျက်ရည်များဝိုင်းလျှက် ကျွန်ုပ်အား စိုက်ကြည့်နေလေ၏ ။ မည်မျှပင် စိတ်ဓါတ်မာစေကာမူ မိန်းမသားသည်မိန်းမသားပင် မဟုတ်ပါလော ။

" အကို ..အကိုနဲ့တွေ့တာ သီတာလေ အရမ်းဝမ်းသာတာပဲသိလား အကို နိုင်ဇော်ကတော့ ဘယ် အန္တရာယ်ပဲဖြစ်ဖြစ် ရှင်းတတ်တယ်ဆိုတော့ သူ့အတွက် သိပ်ပြီးစိတ်မပူမိဘူး အကို့ကိုပဲ စိတ်ပူနေတာ ညီမလည်းလမ်းကြားထဲမှာ သတိပြန်ရလာပြီး အကိုတို့ကို ရှာပါသေးတယ် ဒါပေမယ့် သွေးစုပ် ကောင်တွေ နဲ့တိုက်ခိုက်ရပြီး ကျည်ဆန်တောင်ကုန်သွားပြီ ..နောက်ပြီး စားသောက်ဆိုအဟောင်းတစ်ခုကနေ ပေါင်မုန့် အကောင်းနည်းနည်းတွေ့တယ် အဲဒါပဲစားပြီး အကိုတို့ကို လိုက်ရှာနေတာ အခုထိပဲ နောက်ပြီး ဒီမြို့ထဲမှာ သတ္တ၀ါမျိုးစုံအမျိုးမျိုးနဲ့ပဲ ဘာတွေဖြစ်ကုန်ကြတာလည်းမသိဘူး "

" ဟုတ်တယ်ညီမ တစ်မြို့လုံးကလူတွေ သွေးစုပ်ကောင်ဖြစ်ကုန်ကြတဲ့အကြောင်းအရင်းရယ် သတ္တ၀ါတွေပေါ်ပေါက် လာတဲ့ကိစ္စရယ်ကို အကိုတို့ရှင်းရမယ် ကဲအကိုတို့ ခဏနားပြီးရင် ဒေါက်တာ သောမတ်စ် အိမ်ကို သွားရှာကြတာပေါ့ "

ဟုကျွန်ုပ်ကပြောလိုက်လေသည် ။ ကျွန်ုပ်တို့ ၂ ဦးမှာ စကားတပြောပြောနှင့် ခေတ္တအနားယူနေခိုက် သီတာမှာ မနေ့ညကတည်းက တစ်ညလုံးအိပ်ခဲ့ဟန်မတူပေ ။ ကျွန်ုပ်၏ ပခုံးပေါ်အသာမှီရင်း အပစ်ကင်းစင်စွာ အိပ်ပျော် သွားလေသည် ။ ကျွန်ုပ်လည်းသူမအား မနှိုးရက်သဖြင့် သွေးစုပ်ကောင်တို့၏ အန္တရာယ်မှကာကွယ်ရန် အသင့်အနေအထားဖြင့် ရှိနေလေရာ၃ နာရီခန့်ကြာမြင့်ခဲ့လေသည် ။ ၃ နာရီစွန်းစွန်းတွင်သီတာမှာ နိုး လာလေသည် ။

" ဟယ်..အကို့ကို အားနာလိုက်တာ အကို့ပေါ်မှာ အိပ်ပျော်သွားမိတယ် "

" ရပါတယ် သီတာရယ် ပြောနေစရာမှမဟုတ်တာ ကဲသီတာ အိပ်ရေးဝရင် အကိုတို့ ဒီကနေသွားကြမယ်လေ "

" ဟုတ်ကဲ့အစ်ကို "

သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း ဆေးရုံအားစွန့်ခွာကာ မြေကွက်လပ်အား ကျော်ဖြတ်ခဲ့ကြလေသည် ။ သို့သော် မြင်ကွင်း က မလှပပေ ။ ကျီးကန်းမည်းမည်းများက ကောင်းကင်တွင်ဝဲပျံလျှက်ရှိရာ မြေကွက်လပ်မှာ မည်းမှောင် လျှက်ရှိသည် ။ ဤအတိုင်းဖြတ်ကျော်လျှင်ကျွန်ုပ်တို့ နှစ်ဦးစလုံးအဖို့ မလွယ်လှပေ ။ ကျီးကန်းများမှာ တစ်ကောင်လျှင် တစ်ပေသာသာခန့်ရှိပြီး လွန်စွာ အရုပ်ဆိုး အကျည်းတန်လှကာ နှုတ်သီးများမှာလည်း သွေးများပေ ကျန်နေပြီး အသားများအား ထိုးဆွ စားသောက်ခဲ့ဟန်တူလေသည် ။ အသားစားကျီးကန်းများ ဖြစ် ဟန်တူ၏ ။

" ကဲသီတာ နှစ်ယောက်စလုံးမြေကွက်လပ်ကို ကူးဖို့တော့ မဖြစ်နိုင်ဘူး အကို့မှာလည်း ကျည်ငါး တောင့်ပဲ ကျန်တော့တယ် သီတာအမြန်ကူးပေတော့ သီတာ့ကို ကာပစ်ပေးထားမယ် "

အပိုင်း (၁၁) မျှော်.......။

သက်တန့်ချို
31 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 30, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၉)

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၉)


ကျွန်ုပ်လည်း လတ်တလောတွင် ဒေါက်တာသောမတ်စ် တည်ရှိရာ ဆေးရုံကို သာ ရှာဖွေရန် အရေးကြီးသဖြင့် ထို မြေလှိုင်း တွန့်များကို ကျော်ဖြတ်ကာ ဆက်လက်ထွက်ခွာလာခဲ့တော့သည် ။ အချိန်ကားနေ့လည် ၂ နာရီခန့်ရှိပြီဖြစ်၍ ဗိုက်က ဆာလာသည်ဖြစ်ရာ စတိုးဆိုင်မှ ယူခဲ့သော ပေါင်မုန့်အားစားလိုက်သည် ။ ကျွန်ုပ်လည်း မျက်စိထဲ တွင် အလွတ်ရနေပြီဖြစ်သော မြေပုံလမ်းညွှန်အား စဉ်းစားရင် ဆေးရုံရှိရာသို့ လျောက် လာခဲ့တော့သည် ။ လမ်းချိုး ပေါင်းမြောက်မြားစွာတို့တွင် ဟိုတစ်စုဒီတစ်ခုတွေ့ရသော သွေးစုပ်ကောင်များကား နေရာအနှံ့အပြား ရှိလျှက်ရှိသည် ။ ရုတ်တရက် ထောင့်ချိုးတစ်ခုသို့အကွေ့တွင် လူတစ်ရပ်ခန့်မြင့်သော သတ္တ၀ါတစ်ကောင်အား တွေ့လိုက်ရလေသည် ။ ဦး ခေါင်းကား ဂြိုလ်သားပုံသဏ္ဍာန်နှင့် ခြေနှင့်လက်များကား လူအတိုင်းပင် ။ ကျွန်ုပ်ကို တွေ့မြင်သွားမှ မျက်လုံး နီကြီး နှင့် စိုက်ကြည့်ကာ ပြေးလွှား၍ လာပေသည် ။ ကျွန်ုပ်လည်း ဒူးထောက်ထိုင်ချလိုက်ပြီး လက်ထဲမှ သေနတ်ဖြင့် လျှင်မြန်စွာပင်ပစ်လိုက်လေသည် ။

" ဒက်...ဒက်...ဒက် "

သတ္တ၀ါကောင်၏ လျှင်မြန်မှုကား အံ့မခန်းစရာပင် ။ တိုက်နံရံများပေါ်တွယ်တက်ကာ ဟိုခုန်ကူး ဒီခုန်ကူးလုပ်ပြီး ကျွန်ုပ် အနီး လျှင်မြန်စွာ ရောက်ရှိလာပြီး စတင်တိုက်ခိုက်လေတော့သည် ။ ကျွန်ုပ်လည်း လက်ထဲမှ သေနတ်ဖြင့် ပစ်ခတ်ရန် မဖြစ်နိုင်တော့သဖြင့် သတ္တ၀ါကြီး၏ တိုက်ခိုက်မှုကို ရှောင်နိုင်သမျှရှောင်ရင်း ဓါးမြှောင် ၂ ချောင်းကို ကျစ်ကျစ်ပါ အောင်ဆုပ်ထားလိုက်၏ ။ သတ္တ၀ါကြီးနှင့်ကျွန်ုပ်ကား လမ်းကျဉ်းတစ်ခုတွင် ရင်ဆိုင်ဆုံ တွေ့မိကြလေပြီ ။ တစ်ချီ တွင် သတ္တ၀ါကြီးက ကျွန်ုပ်အား ခုန်အုပ်လိုက်ရာဘေးသို့ အသာတိမ်းရှောင်လိုက်ပြီး အားပြင်း ပြင်းထည့်ကာ ခြေထောက်ဖြင့် ရိုက်ထည့်လိုက်သည်။

" ဖြောင်း "

" အူး...၀ူး...."

သတ္တ၀ါကြီးက ကျွန်ုပ်ကန်လိုက်သောအရှိန်ကြောင့် တိုက်နံရံဘေးသို့ ကပ်သွားလေသည် ။ ကျွန်ုပ်လည်း ရရှိသည့် အခွင့်အရေးအား လက်လွှတ်မခံပဲ သတ္တ၀ါကြီးတစ်ဖက်သို့ လှည့်နေခိုက် ၄င်း၏ ဂုတ်ပေါ်သို့ တွက်တက်ကာ ဦးခေါင်း အား ဓါးမြှောင် ၂ ချောင်းလုံးဖြင့် အားကုန်ထိုးစိုက်လိုက်လေသည် ။ ပျစ်ချွဲချွဲ သွေးရည်များက ပန်းထွက် လာခဲ့၏ ။ သတ္တ၀ါကြီးကားတဖြည်းဖြည်းပျော့ခွေကာ ငြိမ်သက် သွားလေတော့သည် ။ ကျွန်ုပ်တို့၏ တိုက်ပွဲအား တိုက်ခေါင် မိုးပေါ်မှ နေ၍ တစ်စုံတစ်ဦးက လိုက်လံချောင်းမြောင်းနေသည်ကိုမှု ကျွန်ုပ်မှာ သိရှိခဲ့ခြင်းမရှိပေ ။


ကျွန်ုပ်လည်း ထိုနေရာမှ ဆက်လက်ထွက်ခွာလာခဲ့ပြီး မှတ်မိသလောက်ဆေးရုံရှိရာ အရပ်သို့သွားခဲ့လေသည် ။ သို့ သော် လမ်းကားရှုပ်ထွေးပွေလီစွာဖြင့် အဆောက်အဦးတော်တော်များများမှာလည်း ပျက်ဆီးနေပြီဖြစ်သဖြင့် ကျွန်ုပ် မှာ မျက်စိလည် လမ်းမှားနေလေတော့သည် ။ ထိုတစ်ညနေလုံး လမ်းမှာတွေ့သမျှ သွေးစုပ်ကောင် များအား သုတ်သင် ရင်း ကျွန်ုပ်၏ ခါးမှ ကျည်ကပ်ရှိကျည်ဆံများမှာ အတော် လျော့နည်း သွားလေ တော့သည် ။ ညကလည်း မှောင် စပြုလာပြီဖြစ်သဖြင့် ဘုရားရှိခိုး ကျောင်းဟု ထင်ရသော အဆောက် အဦးတစ်ခုအရှေ့သို့အရောက်တွင် ကျွန်ုပ် လည်း အထဲ ၀င်ခဲ့တော့သည် ။ လူမနေသည်မှာ ကြာပြီဖြစ်၍ ပုန်းအောင်း နေသော လင်းနို့များထွက်လာသည်မှအပ မည်သည့် အန္တရာယ်မှ ကြုံတွေ့ရခြင်းမရှိပေ ။ ဆက်လက်၍ ဆေးရုံးအားရှာဖွေရန်မသင့်တော်သဖြင့် ဘုရားရှိခိုး ကျောင်းတွင်ပင်အိပ်စက်ရန် ဆုံးဖြတ်လိုက်၏ ။

ဗိုက်ဆာလောင်လှသော ဤဒုက္ခမျိုးမှာ ဇွဲကြီးသူ ယောင်္ကျားဖို့အဖို့ ပြောပလောက်သောအရာ မဟုတ်သဖြင့် ကျွန်ုပ် မှာ စိတ်ပျက်အားငယ်ခြင်းတော့မဖြစ်မိပေ ။ သို့သော် ရုတ်ချည်းဆိုသလို သီတာ၏မျက်လုံးဝိုင်းလေးနှင့် နှုတ်ခမ်းနီ ထွေးထွေးတို့မှာအာရုံထဲဝင်လာသဖြင့် ယခုလို အန္တရာယ်များ ကြုံတွေ့နေရသောအချိန်မှာပင် ရင်တွင် တခဏတာ အေးချမ်းငြိမ်သက်သွားလေသည် ။ သို့နှင့် ထိုတစ်ညလုံးတော့ မည်သည့်အနှောက်အယှက်မှ မတွေ့ရတော့ပဲ ကောင်း မွန်စွာ အိပ်ပျော်ခဲ့လေတော့သည် ။

နောက်တစ်နေ့ နံနက်ရောက်လျှင် ကျွန်ုပ်မှာ မိုးလင်းလင်းချင်းဆေးရုံအား ရှာဖွေရန် ဘုရားကျောင်းမှာ ထွက်ခွာလာခဲ့လေတော့သည် ။ ထိုနေ့တစ်မနက်လုံး သွေးစုပ်ကောင်များအား တိုက်ခိုက်ရသည်မှအပ ဆေးရုံအား တွေ့ရှိခဲ့ ရခြင်းမရှိပေ ။ ထို့နောက် နေ့လည်အချိန်သို့ ရောက်လာခဲ့ပြီဖြစ်၏ ။

(နေ့လည်ပိုင်းတွင်ကြုံတွေ့ရသောအဖြစ်အပျက်များအား အပိုင်း ၁၏ အစပိုင်း အခန်းများတွင် ဖော်ပြ ခဲ့ပြီးဖြစ်ပါသည် ။ )

ရုတ်တရက်ခြေသံများကြောင့် ကျွန်ုပ်လည်း အဇြစ်အပျက်များအား တွေးတောနေခိုက်မှ သတိပြန်ဝင်လာခဲ့၏ ။ သွေးစုပ် ကောင်များအား ကျွန်ုပ်ပုန်းခိုနေရာ မြေအောက်ခန်းအား ရှာတွေ့သွားကြလေပြီ ။ မတတ်နိုင်... ခန္ဓာကိုယ်အား အညောင်းအညာဆန့်ရင်း လက်စွဲတောင် ၁ တောင်သာသာခန့် ဓါးမြှောင်နှစ်ချောင်းအား ဆုပ်ကိုင်ရင်းမြေအောက်ခန်း လှေကားမှ ရပ်စောင့်နေလိုက်၏ ။ မကြာခင် ၀ုန်းကနဲ ဆွဲဖွင့်သံနှင့်အတူ တံခါးပွင့် သွားလေသည် ။ သွေးစုပ်ကောင် ၃ ကောင်... ။ ကျွန်ုပ်ကား ထိုသွေးစုပ်ကောင် ၃ ကောင်အားကြည့်ကာ တစ်ချက်ပြုံးလိုက်မိ၏ ။ ထိုးစဉ်သွေးစုပ်ကောင်တစ်ကောင်မှာ လှေကားမှမဆင်းပဲ မိုက်ရူးရဲဆန်စွာ ကျွန်ုပ်ကိုယ်ပေါ်သို့ လှေကားထိပ်မှ ခုန်အုပ်လိုက်လေသည် ။ ကျွန်ုပ်လည်း ခန္ဓာကိုယ်ကို အသာယိမ်းရင်း လက်ထဲမှ ဓါးမြှောင်ဖြင့် ရင်ညွှန့်တည့်တည့်ဆီ ဆီး၍ ခံလိုက်ပေသည် ။ သွေးစုပ်ကောင်ကား အောက်သို့ပင်မရောက်နိုင်ပဲ လေပေါ်မှာပဲ ရပ်တန့်သွားကာ ငြိမ်သက်သွားသည် ။

ကျန် ၂ ကောင်ကား ကမူးရှူးတိုးတိုက်ခိုက်ရန်ဆင်းလာ၏ ။ ကျွန်ုပ်လည်း ထို ၂ကောင်ဆီသို့ ပြေးဝင်ကာ လှေကာ လက်ရန်အား လက်နှင့်ထောက်လိုက်ပြီး ရှေ့မှ တစ်ကောင်၏ မျက်နှာတည့်တည့်အား လှမ်းကန်လိုက်၏ ။ ကန်ချက်က ပြင်းမပြင်းတော့မသိပေ ။ သွေးစုပ်ကောင်၏မေးရိုးမှာ ပြုတ်ထွက်သွားကာ အနောက်သို့ လန်ထွက် သွားပြီး အုတ်နံရံနှင့် ဆောင့်မိသွားလေသည် ။ ကျန်သွေးစုပ်ကောင်မှာ ကျွန်ုပ်၏ လက်မောင်းအား ဆွဲကိုက် မည့်ဟန်အပြုတွင် ကျန်လက်တစ်ဖက်ဖြင့် ၄င်း၏ လက်အတွင်းသို့ ဓါးမြောင်အား အားကုန် ထိုးစိုက် ချလိုက်ရာ လုံးဝငြိမ်သက်သွားလေတော့သည် ။ ကျွန်ုပ်လည်း လှေကားမှအပေါ်သို့ ပြန်တက်လာခဲ့ကာ ဧည့်ခန်းမ အတွင်းသို့ ပြန်လည်ရောက်ရှိခဲ့လေတော့သည် ။ ထို့နောက်တံခါးမကြီးမှတဆင့် လမ်းမကြီးပေါ်သို့ ပြန် လည်ထွ့က်ခဲ့လေတော့သည် ။ ဤအိမ်၏ ခြံအ၀င်အ၀တွင် AD 1200 ဟုရေးထားလေသည်ကို အမှတ်တမဲ့ တွေ့မြင် ခဲ့လေသည် ။ အိမ်နံပါတ်ဖြစ်ဟန်တူ၏ ။ ယခုအချိန်တွင်ဆေးရုံအား မတွေ့တွေ့အောင်ရှာရပေတော့မည် ။ ကျွန်ုပ် လည်း လမ်းမပေါ်တွင်တတ်နိုင်သမျှ လမ်းညွှန်အားစဉ်းစားဂရင်း လျှော်က်လာခဲ့တော့သည် ။ အချိန်အ တော်ကြာ လျှောက်ပြီး နောက် တွေ့လိုက်ရသော မြင်ကွင်းကား .....

အပိုင်း (၁၀) မျှော်.......။

သက်တန့်ချို
30 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, July 29, 2010

ကျွန်ုပ်နှင့် သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၈)

ကျွန်ုပ်နှင့် သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၈)


ကျွန်ုပ်လည်း မြင်ကွင်းအား အံ့သြမှင်သက်စွာ ငေးမောကြည့်နေမိသည် ။

" ၀ုန်း "

ရုတ်တရက်နောက်ဖက်ကို ခုန်အုပ်ခံလိုက်ရ၍ ကျင့်သားရနေပြီဖြစ်သော ခန္ဓာကိုယ်က ဘေးသို့ အသာတိမ်း ရှောင်လိုက်သည် ။ နောက်ထပ်သူ့အဖော် သွေးစုပ်ကောင် ၂ ဦးက လမ်းဘေးမှထပ်၍ထွက်လာခဲ့သည် ။ ကျွန်ုပ်လည်း သေနတ်သုံးလိုက်လျှင် လမ်းဘေး၌ ၀ိုင်းအုံသွေးစုပ်နေကြသော သွေးစုပ်ကောင်များအား သတိပေး လိုက် သလို ဖြစ်မည်စိုးသောကြောင့် ခြေထောက်မှ ဓါးမြှောင် ၂ချောင်းအား ဆွဲနှုတ်ယူလိုက်သည် ။ ထိုအခိုက် သွေး စုပ်ကောင် ၁ ဦးက ရှေ့သို့ တိုးဝင်ရင်း ကျွန်ုပ် လက် နှစ်ဖက်ကအားချုပ်ကိုင်ကာ လည်ပင်းအား သွေးဖောက် သောက် ဟန်ပြုသောကြောင့် ကျွန်ုပ် အလွန်အံ့သြသွားမိသည် ။ ၄င်းတို့သည် လမ်းလျှောက် လျှင်သာ ယိုင်တိုင်တိုင် နှေးကွေးစွာလျှောက်တတ်သော်လည်း တိုက်ခိုက်ရာတွင် လွန်စွာလျှင်မြန်ပြီး သန်မာလှကြောင်း သိလိုက်ရပေသည် ။

ကျွန်ုပ်လည်းလျှင်မြန်စွာ ၄င်းသွေးစုပ်ကောင်၏ လက်အား ပြန်လည်ချုပ်ကိုင်လိုက်ပြီး ဆွဲလှဲချလိုက်ကာ လက်ထဲ မှ ဓါးမြှောင်ဖြင့် ၄င်းသွေးစုပ်ကောင်၏ရင်ဝအား ထိုးစိုက်ချလိုက်လေသည် ။ ကျန်သွေးစုပ်ကောင် ၂ ဦးကား ကျွန်ုပ်အား လှည့်ပတ်ချောင်းမြောင်းကြည့်ရှုနေဟန်ရှိလေသည် ။ ကျွန်ုပ်လည်း အချိန်ဆွဲမနေတော့ပဲ တစ် ကောင် အား ခုန်၍ ကန်လိုက်ပြီးနောက် မြေပေါ်ပြန်မကျမီမှာပင် နောက်သို့လှည့်၍ ကျန်သွေး စုပ်ကောင်၏လည်မြိုအား ဓါးမြှောင်ဖြင့် ထိုးစိုက်ချလိုက်လေသည် ။

သို့ရာတွင် လမ်းလေးရှိ သွေးစုပ်ကောင်များကား ကျွန်ုပ်အား တွေ့မြင်သွားခဲ့ချေပြီ ။ မထူးတော့ပြီမို့ လက်ထဲမှ သေနတ်ဖြင့်သာ တရစပ်ဆွဲချလိုက်ရတော့သည် ။

" ဒက်...ဒက်....ဒက် "

" အူး....အူး...."

သွေးစုပ်ကောင်များကား ညည်းညူရင်းလဲပြိုကြကုန်တော့သည် ။ ကျွန်ုပ်လည်း ထိုနေရာတွင် ကြာကြာမနေ တော့ပဲ ဆက်လက်၍ ထွက်ခွာလာခဲ့တော့သည် ။ ကျွန်ုပ်သည် ယခုအချိန်တွင် ခြေဦးတည့်ရာ လျှောက်သွား နေခြင်းထက် ကျွန်ုပ်တို့အဖွဲ့အား ဖိတ်ခေါ်ခဲ့သော Professor Dr. Thomas အား တွေ့အောင်ရှာဖွေရမည်ဟု တွေးလိုက်မိသည် ။ သို့ဆိုလျှင် ဒေါက်တာသောမတ်စ်သည် ဆရာဝန်တစ်ဦးဖြစ်သောကြောင့် ဆေးရုံကို ရှာဖွေရ မည်ဟု စဉ်းစားမိသည် ။

" ဒင်...ဒင်....ဒင်..."

ရှေ့ခပ်လှမ်းလှမ်းရှိ မြင့်မားလှသော နာရီစင်ကြီးမှ ထွက်ပေါ်လာသော အသံများကို ရေတွက်ကြည့်ရာ မနက် ၇ နာ၇ီထိုးပေပြီ ။ ယခုအချိန်တွင် စားစရာတစ်ခုခု နှင့် သောက်ရေရှာဖွေရန်လည်းလိုအပ်ပေသည် ။ လမ်းမကြီးကား သုဿန် တစပြင်နှယ် တိတ်ဆိတ်ခြောက်သွေ့လျှက် ခြောက်ခြားဖွယ်ရာ ကောင်းနေ၏ ။ အလင်း ရောင်ရလာပြီဖြစ်သဖြင့် ပတ်ဝန်းကျင်ကို လေ့လာကြည့်ရာ နေရာတိုင်းတွင် သွေးအလိမ်းလိမ်းဖြင့် ထိတ်လန့်ဖွယ်ရာ ကောင်းနေလေသည် ။ တစ်ချိန်က ဤ မြို့လေးတွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အဖြစ်ဆိုးများ ဖြစ်ပျက်ခဲ့ပေ လိမ့်မည်ဟု ခန့်မှန်းရပေသည် ။ ကျွန်ုပ်သည် ဆက်လက်၍ လျောက်လာခဲ့ရာ တစ်နေရာ အရောက်တွင် " Store " ဟူ၍တွေ့လိုက်ရ၍ စားစရာ ရလိုရငြား ၀င်သွားမိလေသည် ။ စတိုးဆိုင်ကား ပိုင်ရှင်မရှိ သည်မှာ ကြာပြီဖြစ်သောကြောင့် ဖုန်အလိမ်းလိမ်းနှင့် ခြောက်ကပ်နေပေသည်။ စတိုးဆိုင်အား လှည့်ပတ်ရှာ ဖွေကြည့် ရာ စားသောက်ဖွယ်ရာဟူ၍ မယ်မယ်ရရ မတွေ့ရပဲ ပေါင်မုန့် ၃လုံးနှင့် ရေတစ်ဘူး သာတွေ့ရလေသည် ။ ကျန်စားသောက်ဖွယ်ရာများမှာ ကြွက်များသောင်းကျန်းထားသဖြင့် ချို့ယွင်းပျက်ဆီးနေဟန်ရှိသည် ။

ကျွန်ုပ်လည်း ပေါင်မုန့် တစ်လုံးအားစားသောက်ပြီးနောက် ရေအနည်းငယ်သောက်ကာ ကျန်ပေါင်မုန့် အားယူခဲ့ လေတော့သည် ။ စဆိုးဆိုင်မှ အထွက်တွင် ခြေထောက်အား ခုံအောက်မှ တစ်စုံတစ်ခုက လှမ်းဆွဲထား သဖြင့် သွေးစုပ်ကောင်တစ်ဦး ... ။ ကျန်ခြေတစ်ဖက်ဖြင့် ဆွဲကိုင်ထားသော လက်အား ဆောင့်နင်းလိုက်ကာ မျက်နှာ တည့်တည်ကို အားကုန် ကန်ထည့်လိုက်သည်။ သွေးစုပ်ကောင်ကားမလှုပ်နိုင်တော့ပေ ။ ကျွန်ုပ်လည်း စတိုးဆိုင်မှ ပြန်ထွက်ကာ လျောက်လာခဲ့တော့သည် ။ ထိုအခိုက် ဟိုး ခပ်ဝေးဝေးတွင် ကျွန်ုပ်နှင့် မျက်နှာချင်း ဆိုင်သို့ လာနေသော သွေးစုပ်ကောင် ၅ ဦး ။ ကျွန်ုပ်လည်း တိုက်ပျက်တစ်ခုဘေးသို့ ၀င်ကာ ကွယ်လိုက်၏ ။ ထို့နောက် လက်ထဲမှ သေနတ်အား စနိုက်ဘာဖြင့် Zoom ဆွဲကာ ချိန်လိုက်၏ ။ ထို့နောက် ခလုတ်အား ဖြေးညှင်း စွာ ဆွဲလိုက်လေသည် ။

"................."

အသံက ဖြေးညှင်းစွာ ထွက်ပေါ်သွားပြီး သွေးစုပ်ကောင်တစ်ဦး၏ နှဖူးအား တည့်မတ်စွာ ထိမှန်လေသည် ။ ရုတ်တရက်လဲကျသွားသော အဖော်အား ကျန်သွေးစုပ်ကောင်များက အံ့သြနေဟန်ရှိလေသည် ။ ကျွန်ုပ်လည်း တစ်ချက်ချင်း ချိန်ကာ ဆက်တိုက် ပစ်ချလိုက်လေတော့သည် ။ သွေးစုပ်ကောင်ငါးဦးကား သွေးအလိမ်း လိမ်းဖြင့် လမ်းပေါ်တွင် လဲကျကုန်၏ ။ ကျွန်ုပ်လည်း ဆက်လက်၍ မြို့ထဲတွင် လှည့်လည်ကာ ဆေးရုံအား ရှာဖွေ လေတော့သည် ။ ထိုနေ့တစ်နေ့လုံးတွင် ကျွန်ုပ်မှာ မြို့ထဲတွင် သွေးစုပ်ကောင်များနှင့်သာ ဟိုနေရာတွေ့ ဒီနေရာ တွေ့ တိုက်ခိုက်ရကာ ထိုအခန်းများအား ဖော်ပြခြင်းမပြုတော့ပေ ။ ကျွန်ုပ်သည် လမ်းမကြီးပေါ်တွင် လျှောက်၍ ရှာနေခြင်းထက် မြို့အတွင်းပိုင်းထဲသို့ တိုးဝင်ကာရှာလျှင် ပို၍ ကောင်းမည်ဟု တွေးမိသည် ။ အန္တရာယ် လည်းပိုများကာ သွေးစုပ်ကောင်များ၏ တိုက်ခိုက်ခံရမှုလည်း ပိုများနိုင်ပေသည် ။ သို့သော်မတတ်နိုင် ။

ထိုအခိုက် ကံကောင်းထောက်မစွာပင် ရှေ့သို့လာရင်းမှာ ယိုင်နဲ့နေသော ဆိုင်းဘုတ်တစ်ခုအား သေချာ ဖတ်ကြည့်ရာ " Ghost City Directions " ဟုရေးထားသည်ကိုတွေ့ရလေသည် ။ ကျွန်ုပ်လည်းယခုမှ မြေပုံအား သေချာကြည့်မိရာ မြို့ကားအတော်ကျယ်ဝန်းလေသည် ။ မြေပုံထဲတွင် ဆေးရုံကိုတွေ့ရသကဲ့သို့ ပန်းခြံ ၊ ကစားကွင်း ၊ ဘူတာရုံ ၊ ကားဂိတ်စသည်တို့ကို တွေ့ရလေသည် ။ ကျွန်ုပ်လည်း ထိုနေရာတွင်ရပ်ကာ အချိန်အတော်ကြာ မြေပုံလမ်း ညွှန်အား ကျက်လိုက်လေသည် ။ ထို့နောက်ထိုနေရာမှ ထွက်ခွာလာခဲ့ရာ ရုတ်တရက် ကျွန်ုပ်မျက်စိမှား သွားသလားဟု ထင်လိုက်မိသည် ။ ကျွန်ုပ် ရပ်နေရာမှ ၁၀ ပေခန့်အကွာတွင် မြေကြီးများကား လှိုင်းတွန့်သဏ္ဍာန် မို့မောက်ကာ လမ်းတစ်ဖက်သို့ ဖြစ်ပေါ်သွားလေသည် ။ မြေအောက်ထဲမှ လွန်စွာကြီးမားသော သတ္တ၀ါတစ် ကောင်ကောင် ကူးဖြတ်သွားပေခြင်းလော ။ Ghost City ကားသွေးစုပ် ကောင်များ၏ အန္တရာယ်များအပြင် အခြား ထူးဆန်းအံ့သြဖွယ်ရာများနှင့် ပြည့်နှက်လျှက်ရှိကြောင်း ရိပ်စားမိလိုက်လေသည် ။ ကျွန်ုပ်၏ မိတ်ဆွေများလည်း အန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ပါစေဟုသာ ဆုတောင်း မိတော့သည် ။ ထိုလှိုင်းတွန့်သဏ္ဍာန် မြေအမို့ အမောက်ကြီးကား လမ်းတစ်ဖက် သို့ရောက် သွားပြီး နောက် တိုက်ပျက်တစ်ခုအောက်ခြေသို့ ၀င်ရောက် ပျောက်ကွယ် သွားလေသည် ။

အပိုင်း (၉) မျှော်....

သက်တန့်ချို
29 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, July 28, 2010

ကျွန်ုပ်နှင့်သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၇)

ကျွန်ုပ်နှင့်သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၇)


ရထားတွဲကား အရှိန်ပိုမြန်လာ၍ Ghost City နှင့် တစ်စ တစ်စနီးကပ်လာချေပြီ ။ ထိုအခိုက် ဒေါက်တာ နိုင်ဇော်က

" ဟိုက် ကိုသက်တန့်ရေ ဒုက္ခပဲဗျို့ ရထားခေါင်းတွဲက အရှိန်များလွန်းလို့ ဘရိတ်မမိတော့ဘူး "

ဟုလှမ်းပြောလေသည် ။ ဤမျှ အရှိန်ပြင်းပြင်းတွင် ရထားခေါင်းတွဲပေါ်မှ ခုန်ဆင်းဖို့လည်း မဖြစ်နိုင်ပေ ။ Ghost City ၏ ရထားဘူတာရုံတွင် ရထားသံလမ်းများ ကောင်းနေစေရန်နှင့် ရထားဘရိတ်ဖမ်းပေးသော Railway Brakers များသာ တပ်ဆင်ထားပါစေဟု ဆုတောင်းရန်သာ ရှိပေတော့သည်။ ကျွန်ုပ်တို့အဖွဲ့လည်း ကြုံတွေ့ ရမည့် အန္တရာယ် များကို အသင့်ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြလေသည် ။ ရထားကား Ghost City ထဲသို့ စတင် ၀င် ရောက်လာချေပြီ ။

Ghost City ကား သက်ရှိများနေထိုင်သည်ဟု မထင်ရလောက်အောင် တိတ်ဆိတ် ခြောက်သွေ့ ကြောက်မက် ဖွယ် ကောင်းကာ ဖုန်းဆိုးမြေဆန်လေသည် ။ မြင်မြင်သမျှ မီးရောင်မှိန်ပြပြအောက်တွင် သွေးအချို့ ပေစွန်း နေသော အုတ်နံရံများ က ခြောက်ခြားဖွယ်ရာအတိပင် ။ Dr.Thomas သည် လူသူကင်းမဲ့သော Ghost City အား ကျွန်ုပ်တို့ ကို လိမ်ညာရဲ့ ခေါ်ခဲ့ခြင်းပေလော ။ ဘာပဲဖြစ်ဖြစ် ဤသို့ ရင်ခုန်ဖွယ်ရာအတိ ပတ်ဝန်းကျင်က ကျွန်ုပ်တို့ အဖွဲ့အဖို့ စိတ်လှုပ်ရှားစူးစမ်းလိုဖွယ်ရာ ပင်ဖြစ်နေလေတော့သည် ။ ကျွန်ုပ်တို့လည်း မိမိတို့၏ သေနတ်များ ဓါးမြှောင်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကြရင်း အရှိန်ပြင်းလှသော ရထားပေါ်တွင်လိုက်ပါခဲ့ကြသည် ။ အချိန်အတော်ကြာ၍ Ghost City ထဲသို့ အတန်အသင့် ၀င်ပြီးသောအခါတွင် သွေးဖြင့်ရေး ထားသော အဆောက်အ အုံဟောင်းကြီး တစ်ခုကို တွေ့လိုက်ရလေသည် ။

" Ghost City Railway Station "

ရထားကားဘရိတ်မမိတော့သဖြင့် ထိုဘူတာရုံပျက်ကြီးဆီသို့ ဦးတည်နေလေသည် ။ ကံဆိုးဖွယ်ရာပင်... မြင်ကွင်း က ထိတ်လန့်ဖွယ်အတိ ။ လဲကျနေသော ရထားတွဲအဟောင်းများက ဘူတာရုံပျက်ထဲတွင် ကန့်လန့်ခံ ကာဆီးကာနေပေသည် ။ ရထားတွဲကား ထို တွဲပျက်များအား ၀င်တိုက်ရန် ကျိန်းသေနေပေပြီ ။ ထိုအခိုက်

" ၀ုန်း "

လူခန္ဓာကိုယ်တစ်ခုလုံးမြောက်တက်သွားကာ ဦးခေါင်းကို တစ်စုံတစ်ခု ထိရိုက်မှုကြောင့် ကျွန်ုပ်မှာ ခေတ္တမေ့ မြောသွားခဲ့သည် ။ နာရီဝက်ခဲ့အကြာ ပြန်သတိရလာသောအခါတွင် ဘေးတွင် မီးလောင်ပြီး အပိုင်းပိုင်း ပျက်နေသော ကျွန်ုပ်တို့ စီးလာသော ရထားတွဲ ။ မီးတောက်မီးလျှံများက နေရာတိုင်းတွင် ပြည့်နှက်နေလေသည် ။ ကျွန်ုပ်လည်း ဦးခေါင်းကိုစမ်းကြည့်ရာ သွေးများစို့နေသည်ကို တွေ့ရလေသည် ။ ကြီးကြီးမားမား ဒါဏ်ရာ မရရှိခဲ့ခြင်းက ကံကောင်း သည်ဟု ဆိုနိုင်ပေသည် ။ ယခုမှပြန်စဉ်းစားမိသည် ။ ကျွန်ုပ်တို့ စီးလာသော ရထားတွဲ သည် တွဲပျက်များအား တိုက်မိခဲ့ခြင်းမရှိခဲ့ပေ ။ တစ်စုံတစ်ခုသော လက်နက် (ဥပမာ လောင်ချာ) လိုအရာမျိုးဖြင့် ပစ်ခတ်၍သာ ရထား ခေါင်း တွဲပျက်စီးပြီး ကျွန်ုပ်မှာ လွင့်စင်ခဲ့ခြင်းဖြစ်၏ ။ ကျွန်ုပ်မှာသတိရရခြင်း ရထားတွဲ အပိုင်းအစများ မီးတောက် မီးလျှံများအကြားတွင် ကျွန်ုပ်၏ မိတ်ဆွေများအား လှည့်ပတ်ရှာ ဖွေနေမိလေသည် ။ သို့သော် အစအန ပင်တွေ့ရှိခဲ့ခြင်းမရှိပေ ။ ကျွန်ုပ်တို့ရထားတွဲအား လက်နက်ဖြင့် ပစ်ခတ်၍ အသေ လုပ်ကြံခဲ့သော သူမှာ မည်သူနည်း ။ ကျွန်ုပ်လည်း မစဉ်းစားတတ်အောင်ပင် ဖြစ်နေလေသည် ။

ထိုအခိုက် ညည်းသံလိုလိုအသံများကို တစ်စတစ်စ ကျယ်လောင်စွာ ကြားလာရ၍ ပတ်ဝန်းကျင်သို့ ကြည့်လိုက် ရာ ကျွန်ုပ်ရှိရာသို့ ဒယီးဒိုယိုင်ဖြင့်လာနေသော လူသားသက်ရှိများ ၊ တနည်းဆိုရသော်၎င်းတို့၏ ပါးစပ်များ တွင်သွေး များ ပေကျံလျှက် မျက်လုံးများက နီရဲလျှက်ရှိပေသည် ။ ဘုရားရေ.. ကျွန်ုပ်တို့ Cape Town တွင် Willian ပြောခဲ့သော စကားများက အမှန်ဖြစ်နေပြီလော ။ ဤနေရာတွင် ဆက်လက်ရပ်နေရန် မသင့်လျော် သဖြင့် ဘေးဘီကိုကြည့် လိုက်ရာ ဘူတာရုံဘေးတွင်ကျဉ်းမြောင်းသော လမ်းကြားလေးကိုတွေ့လိုက်ရာ ကျွန်ုပ်လည်း တရှိန်ထိုးပြေး ထွက် လာခဲ့လေ တော့သည် ။ အနောက်မှ မကောင်းဆိုးဝါး လူသားများကလည်း ကျွန်ုပ်ဝင်သွားရာ လမ်းကြားလေးထဲသို့ လိုက်၍ ၀င်လာလေသည် ။

ယခုအချိန် ကျွန်ုပ်၏ ကိုယ်ပေါ်တွင် ပါလာသည်မှာ ခါးတွင်ပတ်၍ ချည်ထားသော အူဇီကျည်ဆံငါးကပ်နှင့် သေနတ်တစ်လက် ။ ခြေထောက်တွင် ဘောင်းဘီအိတ်ထဲ၍ စိုက်ထားသော ၁ တောင်ခန့်သာသာရှိသော ဓါးနှစ်လက် သာ ပါရှိလေသည် ။ ကျန်သော မည်သည့်ပစ္စည်းမှ ပါလာခြင်းမရှိပေ ။ ပြေးနေသောလမ်းက ကျဉ်း မြောင်း လှသည် ။ လမ်းခွဲများစွာကိုလည်း တွေ့ရလေသည် ။ ကျွန်ုပ်သည် စဉ်းစားနေရန်အချိန်မရတော့သဖြင့် ရှေ့ တည့် တည့်သာအားစိုက်၍ ပြေးခဲ့လေတော့သည် ။ ပြေးလွှားနေရင်းမှာ ရုတ်တရက်ထောင့်ချိုးတစ်ခုမှ ထွက်ပေါ် လာသော အရိပ် ၃ ခုကြောင့် ကျွန်ုပ်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ရသည် ။ မကောင်းဆိုးဝါး.. ၃ကောင် ကျွန်ုပ်၏ ရှေ့တွင်ပိတ်ဆို့လျှက်ရှိပေသည် ။ နောက်တွင်လည်း ညည်းညူသံများနှင့် မကောင်းဆိုးဝါး အုပ်စုကြီးက လိုက်လာလျှက်ရှိချေပြီ ။ ရှေ့သို့ဆက်သွားနိုင်ရန် ဤ မကောင်းဆိုးဝါး ၃ ကောင်အား တိုက်ခိုက်မှ ရပေ တော့မည် ။ မတတ်နိုင်.. လက်ထဲမှသေနတ်ဖြင့် ဆွဲချက်လိုက်သည် ။

" ဒက်... ဒက်....ဒက်..."

"အူး....၀ူး.........."

၃ကောင်စလုံးပစ်လဲသွားကျသော်လည်း ငြိမ်သက်သွားခြင်းတော့မရှိသေးပေ ။ ကျွန်ုပ်လည်း ၄င်းတို့အပေါ်မှ ကျော်ခွ၍ ဆက်လက်ပြေးထွက်လာခဲ့သည် ။ တိတ်ဆိတ်နေသော မြို့လေးတွင် ကျွန်ုပ်၏ သေနတ်သံက ကျယ်လောင် စွာ ပေါ်ထွက်လာခဲ့သောကြောင့် ဆက်၍ လိုက်လာသော မကောင်းဆိုးဝါးတို့၏ အသံများကိုမှု မကြား ရ တော့ပေ ။ ပြေးလွှားနေရင်းမှ ရှေ့တွင် ကားလမ်းမကျယ်ကြီးတစ်ခုကို တွေ့လိုက်ရလေသည် ။ နံနက်ဝေ လီဝေလင်းအချိန်ရောက်နေပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်ရလေသည် ။ ကျွန်ုပ်လည်း သတိကြီး စွာထား၍ လမ်းမပေါ်သို့ တက်ခဲ့လေတော့သည် ။ ထိုစဉ်လမ်းဘေးတစ်နေရာ၌ တွေ့မြင်လိုက်ရသော မြင်ကွင်းကား မကောင်းလှချေ ။ သေဆုံးနေပြီဖြစ်သော အလောင်းတစ်လောင်းအား ၀ိုင်းဝန်းစား သောက်သွေးစုပ် နေကြသော မကောင်ဆိုးဝါးများ ။ တစ်နည်းအားဖြင့် " သွေးစုပ်ကောင်များ........" ။


အပိုင်း (၈ ) မျှော်.......။

သက်တန့်ချို
29 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 27, 2010

ကျွန်ုပ်နှင့်သွေးဆာနေသာမြို့တစ်မြို့ (အပိုင်း ၆)

ကျွန်ုပ်နှင့်သွေးဆာနေသာမြို့တစ်မြို့ (အပိုင်း ၆)


ကျွန်ုပ်တို့အဖွဲ့မှာ ခရီးကြမ်းကို နှင်လာခဲ့ရသည်က တစ်ကြောင်း ဗိုက်ကလည်း ဆာလောင်နေသည်က တစ်ကြောင်း ကြောင့် သီတာချက်ပေးသော ဟင်းလျာများကို မြိန်လျှက်စွာ စားသုံးကြလေသည် ။ သီတာမှာ ဟင်း များ ချက်ပြုတ်ရာ တွင်လွန်စွာတော်လှသော မိန်းကလေးတစ်ဦးအဖြစ် ကျွန်ုပ်တို့ တစ်ဖွဲ့လုံး အသိအမှတ် ပြုရပေ သည် ။ စား သောက်ပြီးသောအခါ အချိန်လည်း ည ၁၀ နာရီထိုးလုပြီ ။ ကျွန်ုပ်တို့ အဖွဲ့သားများ လည်းငိုက်မျည်းစ ပြုလာပြီဖြစ်၏ ။ ထို့ကြောင့်သီတာမှလွဲ၍ အလှည့်ကျစီ ကင်းစောင့်ရန်သတ်မှတ်ပြီး အိပ်ကြ လေတော့သည် ။ ပထမဦးဆုံး အလှည့်ကျ သူမှာ ကျွန်ုပ်ပင်ဖြစ်၏ ။ သီတာမှာ ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်၏ ကြားတွင် အပစ်ကင်းစင်စွာ အိပ်ပျော်လျှက်ရှိ၏ ။ မြို့ပြ၏ အသံများဝေးကွာ သော အာဖရိကမှ ဘူတာ ရုံပျက်လေးတွင် ကောင်းကင်မှ ကြယ်များကို ငေးရင်း ကျွန်ုပ်လည်း အတွေးနယ်ချဲ့နေမိလေတော့သည် ။ တာဝန် ချိန်ပြီးဆုံးသည်အထိ မည်သည့်အန္တရာယ်မျှ မတွေ့ရသော ကြောင့် ညိုမောင် အလှည့်ရောက် လာပြီဖြစ်သည် ။

ကျွန်ုပ်လည်းတာဝန်ချိန်ပြီးပြီဖြစ်၍ သတိဖြင့် မှေးကနဲအိပ် ပျော်သွားမိသည် ။ အနှစ်နှစ်အကာလ ကျင့်သား ရနေပြီဖြစ် သော အကြားအာရုံကြောင့်ဖျက်ကနဲနိုးလာမိသည် ။ ဘေးဘီကို ကြည့်လိုက်တော့မှ အားပါး ....မြင်ကွင်း က ထိတ်လန့်ကြောက်ရွှံ့ဖွယ်ရာပင် ။ မျက်လုံးစိမ်းစိမ်းနှင့် လက်တ၀ါးခန့်ရှိသော ကင်းခြေမျှားများက ကျွန်ုပ် တို့ လူစုအား ၀ိုင်းရံထားလေသည် ။ ကျွန်ုပ်လည်းကျန်အဖွဲ့သားများကို လှုပ်နှိုးလိုက်သောအခါ အအိပ် ဆက်သူများပီပီ အသီးသီးနိုးလာကြလေသည် ။ ကင်းသမားကား ညစာစားသည်မှာများသွား၍ သတိလစ် သွား ဟန်တူ၏ ။

" ဟိုက် အာဖရိက ကင်းခြေမျှားတွေပါဘား ကိုသက်တန့် ရေ အကောင်ရေအတော်များတယ်ဗျ ဒီတစ်ခါတော့ ကျုပ်တို့ မလွယ်တော့ဘူးနဲ့တူတယ် ဘေးမှာပတ်ပတ်လည်ပဲ "

ဟုဒေါက်တာနိုင်ဇော်က ကျွန်ုပ်အား လှမ်းပြောလေသည် ။ ကျန်၃ ယောက်မှာမှု မျက်လုံးအ၀ိုင်းသားနှင့် ထိတ်လန့် နေဟန်ရှိ၏ ။

" ဟုတ်တယ်ဗျ ကိုနိုင်ဇော်ရေ ဒါအာဖရိက ကင်းခြေမျှားတွေပဲဗျ ဒါအကောင်သေးပဲရှိသေးတယ် တချို့ကောင် တွေဆို ၂ တောင် လောက်ထိကြီးတဲ့အကောင်တွေတောင်ရှိတယ် ကျုပ်တို့ ဒီနေရာကို အမြန်စွန့်ခွာမှဖြစ်မယ် အမြန်သိမ်း ကြပေတော့ဗျို့ အကောင်ကြီးတွေက နောက်မှာလိုက်လာလေ့ရှိတယ် ဒီအကောင်ကြီး တွေလိုက် မလာခင် ကျုပ်တို့ အမြန်ပြေးမှဖြစ်မယ် "

" ပြေးတာတော့ဟုတ်ပါပြီ အခု ထွက်ပေါက်မရှိတော့ဘူး တစ်ခုခု ကြံမှဖြစ်မယ် "

" အင်း"

ကျွန်ုပ်လည်းပြောပြောဆိုဆို ပတ်ဝန်းကျင်ကို လေ့လာကြည့်ရာ ကျွန်ုပ်တို့အိပ်စက်ရာနေရာနှင့် ခြောက်ပေ အကွာ လောက်တွင် ရထားသံလမ်းရှိလေသည် ။ ထိုသံလမ်းပေါ်တွင် ရထားခေါင်းတွဲတစ်ခုရှိလေသည် ။ ကျွန်ုပ် လည်း အကြံကို စဉ်းစားမိကာ

" ဒီလိုလုပ်မယ်ဗျို့ ကျွန်တော်တို့ ဟိုရထားခေါင်းတွဲပေါ်ကို ဒီကနေပြေးပြီး ခုန်တက်ကြမယ် အရှိန်နဲ့ခုန်ရင် ရောက် နိုင်ပါတယ် "

" အင်းဟုတ်တယ် ဒီတစ်နည်းပဲရှိတယ် ကဲ ပစ္စည်းတွေကို အရင်ပစ်ထည့်ကြစို့ "

ပြောပြောဆိုဆို ကျွန်ုပ် တို့လည်း ပစ္စည်းအထုပ်များကို ရထားခေါင်းတွဲပေါ်သို့ ပစ်တင်ကြလေတော့သည် ။ ထို့နောက် ဒေါက်တာနိုင်ဇော်က အရင်ဆုံးပြေးပြီး ခုန်ကူးရာအောင်မြင်စွာ ရောက်ရှိသွားလေသည် ။ ကျန်လူများ လည်း အားတက် သွားကြပြီး ညိုမောင် ၊ ထွန်းလူ တို့ ပြေးပြီးခုန်ကြရာ ရထားခေါင်းတွဲပေါ်သို့ အသီးသီးရောက်ရှိ သွားကြလေသည် ။ ကျွန်ုပ်မှာ သီတာအားစိတ်ပူစွာ

" သီတာ နည်းနည်းတော့ဝေးတယ်နော် ခုန်နိုင်ပါ့မလား"

ဟုပြောမိလေသည် ။ သီတာက ကျွန်ုပ်အား ပြုံးပြကာ

" ရပါတယ်အစ်ကိုရယ် ကျွန်မက ပြေးခုန်ပစ်မယ်ပဲလေ "

ဟုဆိုကာ နောက်သို့ ခဏအားယူပြီး လျှင်မြန်စွာ ကျော်လွှားသွားလေရာ ရထားတွဲပေါ်သို့ အောင်မြင်စွာ ရောက်ရှိသွားလေသည် ။ ကင်းခြေမျှားများကား ကျွန်ုပ်နှင့် ၃ ပေခန့်သာကွာဝေးတော့သည် ။ ကျွန်ုပ်လည်းအသက်ကို ၀၀ ရှုရင်း နောက်သို့ အနည်းငယ်ဆုတ်ပြီး ခုန်ကျော်ခဲ့ရာ အောင်မြင်စွာ ရထားတွဲပေါ်သို့ ရောက်ရှိသွား လေ တော့သည် ။ ရထားခေါင်းတွဲပေါ်အသီးသီးရောက်မှသာလျှင်သက်ပျဉ်းချနိုင်ပေတော့သည် ။ ကျွန်ုပ်တို့ အိပ်စက်ခဲ့ ရာနေ ရာကား ကင်းခြေမျှား များဖြင့် ပြည့်နှက်သွားပေတော့သည် ။

" ဒီကောင်တွေဟာ အကြောင်းမဲ့ရောက်လာတာ မဟုတ်ဘူးဗျ ဟင်းနံ့တွေကြောင့်ရောက်လာတာပဲ အထူးသ ဖြင့် အသားကင်အနံ့ပဲ ဒီကောင်တွေကအသားကင်သိပ်ကြိုက်တယ်လေ "

ဟုဒေါက်တာနိုင်ဇော်ကပြောလေသည် ။ ကျွန်ုပ်တို့လည်း အသားကင်ထားရာ မီးပုံသို့ကြည့်လိုက်ရာ ကင်းခြေမျှား ၀ိုင်းအုံပြီး အသားကင်များအား ထိုးဆွစားသောက်နေကြသည်ကို အံသြဖွယ်ရာတွေ့ရလေသည် ။ သို့နှင့် ကျွန်ုပ် နှင့် ဒေါက်တာ နိုင်ဇော်ကား ရထားခေါင်းတွဲအား စစ်ဆေးကြည့်ရာ ကံကောင်းထောက်မစွာပင် ရေမှလွဲ၍ ဆီ ၊ အင်ဂျင်ဝိုင်နှင့် Fuse များ အကောင်းအတိုင်း ရှိနေသေးသည်ကို တွေ့ရလေသည် ။ သို့နှင့် ကျွန်ုပ်တို့လည်း ရထားတွဲအား ကြိုးစားပြီး စက်နှိုးကြည့်ကြလေသည် ။ အကြိမ်ကြမ်ကြိုးစားကြည့်ရ့ာ တစ်ကြိမ်တွင် ကံကောင်း ထောက်မစွာ ရထားခေါင်းတွဲ စက်နှိုးသွားလေတော့သည် ။ ကျွန်ုပ်တို့အဖွဲ့လည်း ထခုန်မိမတတ် ၀မ်းသာသွား လေ တော့သည် ။

သို့နှင့် ရထားခေါင်းတွဲအား စတင်၍ ဘီးလှမ့်ကာ ရထားလမ်းအတိုင်း ခုတ်မောင်းခဲ့လေတော့သည် ။ သို့မဟုတ်လျှင် မိုင် ၃၀ ကျော်ကွာဝေးသော ရထားလမ်းအား လမ်းလျောက်သွားရလျှင် ခရီးကြန့်ကြာနိုင်ပေမည် ။ အချိန်ကိုကြည့်တော့ မနက် ၂ နာရီထိုးတော့မည် ။ ရထားခေါင်းတွဲကား အရှိန်ဖြင့် ခုတ်မောင်းဆဲပင် ။ ၁၀ မိုင်ကျော် ကျော်ခန့်ခရီးပေါက် သောအခါ ရထားလမ်းဘေးတဖက်တချက်တွင် မီးတိုင်များကို တွေ့ရလေသည် ။ လျှပ်စစ်မီးဖြင့် ထွန်းထားခြင်းမဟုတ်ပဲ Solar Plate များ တပ်ဆင်ထားခြင်းဖြစ်ကြောင်းတွေ့ရလေသည် ။ နောက်ထပ် ၁ နာရီခန့် ခုတ်မောင်းပြီးသောအခါ ဟိုးဝေးဝေးတွင်မီးရောင်မှိန်ပျပျဖြင့် Ghost City အားတွေ့မြင်ရလေသည် ။ တိုက်ပျက် ပေါင်းများစွာဖြင့် Ghost City ၏ပုံသဏ္ဍာန်ကား သရဲတစ္ဆေပေါင်းများစွာ ငုတ်တုတ်ထိုင်နေသည်နှင့် တူလှပေသည် ။ ရထားတွဲကား Ghost City ထံသို့ ဦးတည်၍ သွားနေလေသည် ။ Ghost City ၏ ကြိုဆိုမှုကား ခရီးအစမှာပင် အန္တရာယ်များနှင့် ပြည့်နှက်နေပေတော့သည် ။

အပိုင်း (၇) မျှော်.....

သက်တန့်ချို
27 July 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, July 24, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၅)

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၅)


ကျွန်ုပ်မှာ သီတာအား ကြည့်လိုက်ရာ စိုးရိမ်ထိတ်လန့်နေဟန်မရှိပဲ မျက်နှာမှာ လွန်စွာ တည်ငြိမ်လှပေ၏ ။ ဒေါက်တာ နိုင်ဇော်၏ ညီမပီသပါပေသည် ဟုစိတ်ထဲမှ တွေးလိုက်မိသည် ။ သီတာမှာ လက်ထဲမှ အထုပ်အား ဘေး တွင် ခဏချ၍ အသင့်အနေအထားတွင် ရှိနေလေသည် ။ သီတာ၏ နေရာယူပုံကိုကြည့်၍ ကျွန်ုပ်မှာ လွန်စွာ အံ့သြသွားမိ၏ ။ သာမန် တိုက်ခိုက်ရေးသမားတစ်ဦးကဲ့သို့ သိုင်းကွက်တစ်ခုအား ခင်းနေဟန်နှင့်မတူပဲ ခြေထောက်နှင့် လက်ကို လျော့ထားပြီး ပျော့ပြောင်းနေဟန်မှာ လွန်စွာ အန္တရာယ်များလှသော တိုက်ခိုက်ရေးသမား တစ်ဦးနှင့် တူလှပေသည် ။ ထိုအခိုက် လူရမ်းကားတစ်ဦးက သီတာပခုံးပေါ်သို့ လက်တစ် ဖက်တင်လိုက်ရာ သီတာက ၄င်း၏ လက်မောင်း ရိုးအားကိုင်၍ စွေ့ကနဲ့မြှောက်တင်လိုက်ရာ ဖက်ရွက်လေး တစ်ရွက်အား လေပေါ် ပင့်တင်လိုက်သည်နှင့် တူလှပေ သည် ။ ထို့နောက် မြောက်တက်သွားသော လူရမ်းကား၏ မျက်နှာအား သူမ၏ ဖြောင့်တန်းသော ခြေကန်ချက်နှင့် မိတ်ဆက်လိုက်သည်မှာ လွန်စွာ ကြည့်ကောင်း လှပေသည် ။ ထိုလူမှာ အွတ်ကနဲသာ အသံမြည်လာပြီး လုံးဝလှုပ်ရှား ခြင်းမရှိပဲ ငြိမ်သက်သွားလေသည် ။

ကျန်နှစ်ယောက်မှာ သီတာကိုကြည့်ပြီးကြောင်သွားကြလေသည် ။ သူတို့စိတ်ထဲ ဘာဖြစ်သွားမှန်းသိဟန်မတူပေ ။ ထိုလူနှစ် ဦး သီတာ့အား ငေးမောနေခိုက် သီတာမှာ ရုတ်တရက်ခုန်လိုက်ပြီး လူနှစ်ဦးစလုံး၏ မျက်နှာအား ဒူးနှင့် တိုက်ချလိုက်ပုံမှာ ပိရိသေသပ်လှသော တိုက်ကွက်တစ်ခုပင်ဖြစ်လေသည် ။ တစ်ဦး၏ဒူးပေါ်သို့ ခြေနင်းပြီး မေးစေ့ အား တိုက်ချပြီးသည်နှင့် ကျန်တစ်ဦး၏ ပခုံးအားကိုင်၍ လေထဲမှာပင်လှည့်၍ မျက်နှာအား ဒူးနှင့်တိုက်ချ လိုက်ခြင်း ပင်ဖြစ်၏ ။ အဖြစ်အပျက်က စက္ကန့်ပိုင်းမျှသာ ။ လူ၃ ဦးကား မှောက်နေလေပြီ ။ ထို့နောက်သီတာမှာ ဘေးတွင် ချသောအိတ်ကိုဆွဲကာ နောက်သို့ပြန်လှည့်ပြီး ကျွန်ုပ်တို့ နှစ်ဦးအား တွေ့မြင်သွားမှ လျောက်လာ လေတော့သည် ။

" လမ်းမှာ အမှိုက်လေးတွေတွေ့လို့ ရှင်းနေတာအစ်ကိုရေ "

" ဟူး....စိုးရိမ်လိုက်ရတာဗျာ သီတာကို ဒီလောက်တော်တဲ့တိုက်ခိုက်ရေးသမားမှန်းအကို မသိခဲ့ဘူး ဒါကြောင့် လည်း ကိုနိုင် ဇော်က လုံးဝမစိုးရိမ်တာကိုး "

" ဒီလောက်ကတော့သွေးပူလေ့ကျင့်ခန်းလုပ်သလောက်ပဲ ရှိပါတယ်အစ်ကိုရာ Ghost City မှာဒီထက်ဆိုး တဲ့ အန္တရာယ် တွေ အများကြီး တွေ့ရဦးမှာပါ "

ဟုပြောလေသည် ။ သီတာ၏ တိုက်ခိုက်ရေးအတတ်ကို တွေ့မြင်ပြီးဖြစ်၍ ကျွန်ုပ်မှာ သီတာအတွက် စိုးရိမ်ပူပန် မှုတော့ အတော် အသင့်လျော့သွားလေသည် ။ သို့နှင့် ကျွန်ုပ်တို့ ၃ ဦးလည်း စကားတပြောပြောနှင့် ပြန်ခဲ့ကြလေတော့သည် ။ သီတာ နှင့်စကားပြောနေစဉ်တွင် ကျွန်ုပ်၏ ဘယ်ဖက်ရင်အုံတွင် ထူးဆန်းစွာ ခုန် လျှက်ရှိပေသည် ။ ဒေါက်တာ နိုင်ဇော်ကတော့ ကျွန်ုပ်ကိုကြည့်ရင်း ပြုံးစိစိ လုပ်နေလေရာ ကျွန်ုပ်မှာ မျက်နှာမ ထားတတ်အောင်ပင် ရှိလေ တော့သည် ။ သို့နှင့် ထိုတစ်ညလုံး ကျွန်ုပ်မှာ ကောင်းစွာ အိပ်မပျော်တော့ပေ ။ အကြောင်းရင်းကား သီတာဆိုသော မိန်းမပျို လေး၏ မျက်နှာမှာ အချိန်တစ်ဝက်ကို ယူထားပြီး Ghost City ၏ လှို့ဝှက်ဆန်းကြယ်မှုများက အချိန် တစ်ဝက်ယူထားသောကြောင့်ပင်ဖြစ်လေသည် ။ သို့နှင့် နောက်တစ်ရက်နေ့ လည်သို့ ရောက်သောအခါ ကျွန်ုပ်တို့ အဖွဲ့လည်း ကိုယ့်ပစ္စည်းကိုကိုယ်သယ်၍ Willian နှင့်ချိန်းထားရာ ဘားဆီ သို့ ထွက်ခဲ့ကြလေတော့သည် ။ ကျွန်ုပ်တို့ ငါးဦးစလုံးမှာ ဂျင်းဘောင်းဘီကိုယ်စီနှင့်ဖြစ်ပြီး ခြေထောက် တွင်ဓါးမြှောင်ထည့်ရန် အိတ်များကိုယ်စီပါကြလေသည် ။

သို့နှင့် ဘားသို့ေ၇ာက်သောအခါ အသင့်စောင့်နေသော Willian နှင့် တွေ့လေသည် ။ ကျွန်ုပ်တို့လည်း စကား ခဏပြောပြီး သည်နှင့် အချိန်ဆွဲမနေတော့ပဲ ငှားထားသော ကားနှင့် Ghost City ၏ ခရီးစဉ်အား စတင် ခဲ့ကြလေတော့သည် ။ လမ်းခရီးတလျောက်တွင် အာဖရိကဒေသ၏ လွပ်လပ်သော သဘာဝတရားနှင့် ကုန်မြေ မို့မို့များ လွင်တီးခေါင်ပြင်များကို ငေးမောရင်း လိုက်ပါလာကြလေသည် ။ သီတာမှာ မြို့ပြအငွေ့အသက်နှင့် ဝေးကွာ သော လမ်းခရီးတွင် အပျော်ကြီးပျော်နေဟန်ရှိလေသည် ။ မြင်းကျားအုပ်စုများနှင့် ကုလားအုတ်များ ၊ ဆင်ရိုင်း အုပ်စုကြီးများ ၊ လွင်တီးခေါင်ပြင်တွင် လွပ်လပ်စွာ သွားလာနေကြသည်မှာ သဘာဝ ပန်းချီကား တစ်ချပ်နှယ်ပင် ။ ရေအိုင် ကြီးများတွင် ရွှံနွံလူးနေကြသော ရေမြင်းကြီးများ ၊ လားသတ္တ၀ါများနှင့် ဟိုတစ်စုဒီ တစ်စု သွားလာနေကြသော သတ္တ၀ါ များကို တွေ့ရလေသည် ။ ဒေါက်တာနိုင်ဇော်မှာ မှန်ပြောင်းတစ်လက်နှင့် ပတ်ဝန်းကျင်ကို လေ့လာ နေလေသည် ။ ထွန်းလူ ၊ ညိုမောင်နှင့် သီတာတို့ ၃ဦးမှာ စကားကောင်းလျှက် လမ်းခရီးတလျောက်လုံး ရယ်မော ပျော်ရွှင်လျှက်ရှိပေသည် ။ ကျွန်ုပ်မှာသာ Ghost City တွင် တွေ့ကြုံနိုင်မည့် အန္တရာယ်များနှင့် Dr.Thomas ၏ အကြောင်းအား တွေးရင်းလိုက်ပါလာခဲ့တော့သည် ။

သို့ဖြင့် လမ်းခရီးကြမ်းကြမ်းတွင် ခရီးနှင်ရင်း ည ၇ နာရီခန့်တွင် ဘူတာရုံပျက်လေးအား လှမ်းမြင် လိုက်ရ လေသည် ။ မြင်ကွင်း ကားမကောင်းလှ ။ ညမှောင်စပြုလာသောအချိန်တွင် ရထားတွဲများက အပိုင်းပိုင်း အစစနှင့် လဲနေသည့် အတွဲများ လည်း ရှိ၏ ။ Willian ကား ဘူတာရုံပျက်သို့ လိုက်ပို့ပြီးသည်နှင့် တခဏ မျှသာနားလေသည် ။

" ကဲ ကျွန်တော်လည်း ပြန်တော့မယ်ဗျာ ခင်ဗျားတို့အဖွဲ့လည်း Ghost City မှာ ဘာအန္တရာယ်မှမကြုံပါစေနဲ့လို့ ကျုပ်ဆု တောင်းပေးပါတယ် ဒီရထားသံလမ်းတိုင်း လိုက်သွားရင် Ghost City ရဲ့ ဘူတာရုံကိုရောက်ပါတယ် ဒီထက် ရှေ့ကို ကားက ဆက်မောင်းလို့ မရတဲ့အတွက် ကျုပ်ကို ခွှင့်လွှတ်ပါ "

" ရပါတယ် ..Willian ရယ် ဒီလောက်ထိ ကူညီတာကိုပဲ ကျွန်တော်တို့ ၀မ်းသာလှပါပြီ ဒီမှာ ကားငှားခငွေ "

ဟုဆိုကာ ကျွန်ုပ်က ကျသင့်ငွေထုတ်ပေးလိုက်သောအခါ Willian မှာ လာလမ်းအတိုင်း ကားကို မောင်းကာ လှည့်ပြန်သွားလေတော့သည် ။ သို့နှင့် ကျွန်ုပ်တို့ ငါးဦးလည်း ဘူတာရုံပျက်တွင် ပင် ယနေ့ညအား စခန်းချရန် ဆုံးဖြတ်လိုက်ကြသည် ။ ရာသီဥတုက အာဖရိကတွင် နေ့လည် ပူသလောက် ညဖက်အချိန်တွင် အေးစက် လာပြီဖြစ်၍ မီးပုံကို အရင်ဖိုရလေသည် ။ ထင်းရှာသူကရှာ မီးဖိုသူကဖိုနှင့် သီတာပါလာသောကြောင့် စားရေး သောက်ရေးအတွက် တော့ ကျွန်ုပ် တို့အတွက်မပူရတော့ပေ ။ သီတာမှာ ပါလာသော အသားခြောက်များအား ကင်တန်ကင် ၊ ချက်တန်ချက် နှင့် အလုပ်များနေလေတော့သည် ။ ထမင်းတစ်အိုးချက်ခန့်ကြာသောအခါ လွန်စွာ မွှေးပျံ့သော ဟင်းရနံ့ များ ထွက်ပေါ်လာလေသည် ။

ထိုသို့သော ဟင်းရနံ့များက တစ်စုံတစ်ခုသော အန္တရာယ်အား ဖိတ်ခေါ်သကဲ့သို့ ရှိသည်ကို ထိုစဉ်က ကျွန်ုပ်တို့ မသိရှိခဲ့ကြပေ ။

အပိုင်း (၆) မျှော်......

(လာမည့် ၂ရက်တွင် အွန်လိုင်းမတက်နိုင်ပါသောကြောင့် ကျန်အပိုင်းဆက်များအား အဂါင်္နေ့မှ စ၍ နေ့စဉ်တင် ပေးသွား ပါမည် ။ သည်းခံ၍ စောင့်ပြီးဖတ်ပေးကြပါ ချစ်သောသူငယ်ချင်းများခင်ဗျား)

သက်တန့်ချို
24 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 23, 2010

ကျွန်ုပ်နှင့်သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၄)

ကျွန်ုပ်နှင့်သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၄)

ဒေါက်တာနိုင်ဇော်မှာကား မြန်မာနိုင်ငံမှာကတည်းက လိုင်စင်နှင့်ကိုင်သော သေနတ်တစ်လက် ရှိရာ ကျန် ၄ လက်သာ ၀ယ်ရလေသည် ။ ကျွန်ုပ်ကား ခြောက်တောင့်သာ ပစ်ခွင့်ရသော ခြောက်လုံးပြူးသေနတ်ကိုကား အား မရ၍ နှစ်သက်လှခြင်းမရှိပေ ။ ထို့ကြောင့် Cape Town တွင် ယခုမှ အသစ်ပေါ်သော ၁ တောင်သာသာခန့်ရှိ ကျည်အတွဲလိုက်ပစ်၍ ရသော အူဇီစတိုင်နှင့် လိုအပ်လျှင် စနိုက်ဘာကဲ့သို့ Zoom ဆွဲ၍ ပစ်လို့ရသော သေနတ်တစ်မျိုးအား ၀ယ်ခဲ့လေသည် ။ သီတာ ၊ ထွန်းလူ နှင့် ညိုမောင်တို့ အတွက် မူကား ၄င်းတို့ နှစ်သက်သော သေနတ်တစ်လက်ဆီ ရွေးချယ်ကာ ၀ယ်ယူခဲ့ကြလေသည် ။ ထိုနေ့မှစ၍ Cape Town မြို့ရှိ သေနတ် ပစ်လေ့ကျင့်ရေးကွင်းသို့ သွားကာလေ့ကျင့်ကြလေသည် ။ ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်မှာမူ အပွဲပွဲနွှဲလာဖူး၍ မခက်ခဲလှသော်လည်း ညိုမောင်နှင့် ထွန်းလူတို့မှာမူ အပြင်းအထန်လေ့ကျင့်ရလေသည် ။ ထိုအတောအတွင်း ကျွန်ုပ်တို့မှာ Ghost City နှင့်ပတ်သတ်၍ သတင်းများ စုံစမ်းကြရာ ရေရေရာရာ တိတိကျကျ မသိရပေ ။ လူသူအ သွားအလာနည်းသကဲ့သို့ Ghost City ဆိုသော အသံကြားလျှင် အချို့အာဖရိကသားများမှာ တီကောင် ကို ဆားနှင့်ပက်သကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့သွားကြလေတော့သည် ။

သို့နှင့် ကျွန်ုပ်တို့လည်း ဆက်လက်စုံစမ်းမနေကြတော့ပဲ ကားငှားရန်အတွက် ညနေစောင်းတစ်ခုတွင် Cape Town ရှိ Club Bar တစ်ခုသို့ ထွက်ခဲ့ကြလေတော့သည် ။ ဘားအတွင်းသို့ရောက်၍ စုံစမ်းသောအခါ ကောင် တာမှလူက ထောင့်ကျကျတွင် ထိုင်နေသော လူတစ်ယောက်အား ညွှန်ပြလိုက်သောအခါ ကျွန်ုပ်နှင့် ဒေါက်တာ နိုင်ဇော်မှာ ထိုလူဆီသို့ သွားခဲ့ကြလေတော့သည် ။

" မင်္ဂလာ ညနေခင်းပါမိတ်ဆွေ "

" မင်္ဂလာပါခင်ဗျာ "

" ကျွန်တော်တို့ ၂ ယောက်ကို ထိုင်ခွင့်ပြုပါခင်ဗျာ "

" ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ "

" ဒီလိုပါခင်ဗျာ ကျွန်တော်တို့ ကားတစ်စီးငှားဖို့ စုံစမ်းတော့ ကောင်တာက ခင်ဗျားဆီကို လမ်းညွှန်လိုက်လို့ပါ "

" ဟုတ်ပါတယ် ကျွန်တော့်နာမည် Willian လို့ခေါ်ပါတယ် ဒါနဲ့ မိတ်ဆွေ တို့က ဘယ်လို ကားမျိုးငှား ချင်တာ လည်း "

" လူငါးယောက်လောက်ဆန့်တဲ့ ဂျစ်ကားလောက်ဆိုရပါပြီ "

" ဘယ်ကိုသွားမှာလည်းခင်ဗျာ "

" Ghost City "

" ဗျာ "

Willian မှာ ထိုတစ်ခွန်းသာ ပြန်ပြောနိုင်ပြီး ကျွန်ုပ်တို့ ၂ ဦးအား ထူးဆန်းအံ့သြဟန်ဖြင့် စူးစိုက်ကြည့် နေလေ သည် ။

" ခင်ဗျားတို့ ၂ ယောက်က Ghost City ကို ဘာကိစ္စနဲ့သွားချင်ရတာလည်း "

" အင်းဖိတ်ခေါ်မှုတစ်ခုနဲ့ လေ့လာရေးဆိုပါတော့ "

Willian ကား ရှေ့မှ အရက်ခွက်အား မော့လိုက်ပြီး တုန်လှုပ်နေသော စိတ်အား ဖြေဖျောက်နေဟန်ရှိလေသည် ။

ပြီးမှ ၄င်းကထိတ်လန့်သောလေသံဖြင့်

" ဒီမယ် ခင်ဗျားတို့ ၂ယောက် Ghost City အကြောင်းမသိကြသေးဘူးနဲ့တူတယ် အဲဒီမြို့ဟာ တကယ်တော့ မကောင်း ဆိုးဝါး သရဲတစ္ဆေတွေနေတဲ့မြို့ဗျ မြို့နဲ့တောင်မတူပဲ သုဿတစပြင်လိုပဲ အဲဒီမြို့ကသက်ရှိတွေဟာ လူရဲ့သွေးကို သောက်သုံးရမှ အသက်ရှင်တယ်လို့ကြားဖူးတာပဲ စူးစမ်းပြီးသွားကြတဲ့ လူတွေလည်းတစ်ယောက်မှ ပြန်ရောက် မလာခဲ့ဘူး ဒီတော့ ခင်ဗျားတို့လည်း အဲဒီမြို့ကိုတော့ မသွားပါနဲ့ဗျာ တခြားနေရာဆို ကြိုက်တဲ့ နေရာကိုပြောပါ ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ် "

ဟုပြောလေသည် ။ ကျွန်ုပ်တို့ ၂ ဦးလည်း Ghost City ၏ လျှို့ဝှက်ချက်အား တစွန်းတစ အရိပ်အယောင်သိရပြီမို့ လွန်စွာ ကျေနပ် ၀မ်းမြောက်သွားကြလေတော့သည် ။ ထို့နောက် ကျွန်ုပ်က

" ရပါတယ်ဗျာ ဘယ်လောက်အန္တရာယ်များများ ကျွန်တော်တို့မှာ ကြောက်တတ်တဲ့သွေးမပါပါဘူး ကျွန်တော်
တို့က မြန်မာလူမျိုးတွေပါ ခင်ဗျားသာ ကားငှားနိုင်မငှားနိုင်သာပြောပါ "

ထိုအခါ Willian မှာ လွန်စွာ အံ့သြသွားပြီး

" အော် မြန်မာလူမျိုးကိုး ခင်ဗျားဆို့ မြန်မာတွေဟာ တယ်လည်းသတ္တိကောင်းကြသကိုး အန္တရာယ်များ တဲ့နေ ရာကို တောင်သွားပြီး စူးစမ်းချင်ကြတယ် ကောင်းပြီလေ ကျုပ်ကလည်း မြန်မာလူမျိုးတွေရဲ့စိတ်ဓါတ်ကို ကြား သိထားလေတော့ ခင်ဗျားတို့ရဲ့ ခရီးကို မဖျက်တော့ပါဘူး ။ ကျုပ်ကူညီနိုင်တာ တစ်ခုရှိတယ် ဒီ Cape Town ကနေ မိုင် ၇၀ ထိတော့ ကျုပ်ရဲ့ဂျစ်ကားနဲ့လိုက်ပို့ပေးပါ့မယ် အဲဒီဟိုဖက်တော့လမ်းက တအားကြမ်းပြီး ဖုန်းဆိုး မြေဖြစ်တဲ့အတွက် ဘယ်လိုမှ ကားဆက်သွားလို့ မဖြစ်တော့ဘူး ။ အဲဒီမှာ ဘူတာရုံဟောင်းနဲ့ ရထားပျက် တွေရှိတယ် ။ အဲဒီရထားလမ်းဟောင်းတွေကနေ ဆက်သွားရင် Ghost City ကိုရောက်နိုင်ပါတယ် .. ကဲ ကျုပ်က တော့ ဒီလောက်ပဲ ကူညီနိုင်မယ် ဒါတောင်ခင်ဗျားတို့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို ကြိုက်လွန်းလို့ပါ ..ကဲကျုပ် ကို ခွင့်ပြုပါဦး ခင်ဗျားတို့ ခရီးထွက်မယ်ဆိုရင် သဘက်ခါနေ့လည် ကျုပ် ဒီနေရာကနေစောင့်နေမယ် "

ဟု ဆိုကာ Willan မှာ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည် ။ ကျွန်ုပ်တို့ လည်း တည်းခိုရာနေရာသို့ ပြန်လာပြီး အကျိုးအကြောင်းအား အဖွဲ့သားများအား ပြောပြပြီးနောက် သဘက်ခါ ခရီးအတွက် အသေးစိတ်တိုင်ပင်ကြလေသည် ။ သို့နှင့် နောက်တစ်နေ့ရောက်သောအခါ ကျွန်ုပ်တို့ လည်း လိုအပ်မည်ဟု ထင်ရသော ရိက္ခာခြောက်နှင့် အခြားပစ္စည်းများအား ၀ယ်ယူရန်အတွက် ညနေခင်း အချိန်တွင် ဈေးသို့ ထွက်ခဲ့ကြလေသည် ။ သီတာ ၊ ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်တို့ ၃ ဦးမှာ ဈေးထဲတွင် ပစ္စည်းများ ၀ယ်ရင်း လူစည်ကားနေခိုက် ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်က တစ်လမ်း ၊ သီတာနှင့် လမ်းကွဲသွား လေတော့သည် ။ ကျွန်ုပ်မှာ လွန်စွာ စိုးရိမ်ပူပန်သွားကာ ကိုယ့်မြေကိုယ့်ရေမဟုတ်သော ဒေသတွင် မြန်မာမိန်းမ ပျိုလေးအတွက် စိုးရိမ်မိလေတော့သည် ။ ဒေါက်နိုင်ဇော်ကား ညီမ၀မ်းကွဲအား လွန်စွာ စိတ်ချယုံကြည် နေဟန်ရှိကာ စိုးရိမ်မှု လုံးဝမရှိပဲ မျက်နှာမှာ တည်ငြိမ်လျှက်ရှိသည် ။ ကျွန်ုပ်မှာ ဒေါက်တာနိုင်ဇော်၏ သွေးအေး မှုကို သိပြီးဖြစ်၍ သီတာကိုသာ ဈေးအတွင်း လိုက်လံရှာဖွေနေမိတော့သည်။

အတော်အတန် ရှာဖွေနေ ပြီးသည်နှင့် လမ်းကြားတစ်ခုအတွင်းသို့ ရောက်သွားလေတော့သည် ။ မြင်ကွင်းကား စိုးရိမ်ဖွယ်ရာ အပြည့်ပင် ။ လမ်းကား ကျဉ်းမြောင်းလှပြီး သီတာအရှေ့တွင် ပိတ်ကား အရက်မူးရူးနေဟန်ရှိသော လူရမ်းကား ၃ ယောက် ။ အရက်ခိုးဝေေ၀နှင့် ဘောင်းဘီကျပ်ကျပ်နှင့် လှပနေသော သီတာအား မျက်လုံး ကျွတ်မတတ်စိုက်ကြည့်နေကာ သီတာအား ၀ိုင်းရံလိုက်ပေသည် ။ ကျွန်ုပ်က ပြေး၍သွားမည်အပြုတွင် ဒေါက်တာ နိုင်ဇော်က ကျွန်ုပ်အား လှမ်းဆွဲလိုက်ပြီး

" ထားလိုက်ပါ ကိုသက်တန့် Ghost City မှာ ဒီထက်မကတဲ့ အန္တရာယ်တွေကြုံတွေ့ရမှာပါ ဒီဟာလောက်ကတော့ ထမင်းစားသလောက်ပဲ ရှိမှာပဲ သီတာက ဘယ်လိုမိန်းကလေးမျိုးလည်း ဆိုတာ မကြာခင်တွေ့ရမှာပါ "

ဟုပြောလေသည် ။ ဒေါက်တာနိုင်ဇော် တားထား၍သာ ကျွန်ုပ်မှာ မသွားရသော်လည်း သီတာအတွက်မှု စိုးရိမ်ပူ ပန်မှုက လျော့ပါးသွားခြင်းမရှိပေ ။ လူရမ်းကား ၃ ဦးကား သီတာနှင့် နီးသထက် နီးလာပေပြီ ။

အပိုင်း (၅) မျှော်....

သက်တန့်ချို
23 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, July 22, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၃)

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၃)


ထို့နောက် ဒေါက်တာနိုင်ဇော်က ဆက်လက်၍

" အဲဒီတော့ ကျွန်တော်လည်း မြန်မာပြည်ပြန်ရောက်ရင် အကြောင်းကြားပါ့မယ်ဆိုပြီး ပြန့်လာခဲ့တယ်ဗျ ..ဒီတော့ အခု ဒီပုံ ကို ကြည့်ခြင်းအားဖြင့် Ghost City နဲ့ Dr. Thomas ရဲ့ကြားမှာ လှို့ဝှက်ထူးဆန်းတဲ့ ဆက်နွယ်မှု တစ်ခု ရှိရမယ် ဗျ သူ့ပုံဟာ Dracula တစ်ကောင်ရဲ့ပုံနဲ့ တူမနေဘူးလား ကျွန်တော်တော့ ဘာပဲ ဖြစ်ဖြစ် သူ့ဖိတ် ခေါ်ချက် အတိုင်း လိုက်သွားပြီး စုံစမ်းကြည့်ချင်တာပဲဗျာ ကျွန်တော်တို့အတွက်တော့ စွန့်စားခန်းတွေနဲ့ ပြည့်နှက် နေတာအမှန်ပဲဗျ ကိုသက်တန့်ရော ဘယ်လို ထင်လဲ "

" အင်းဒီကိစ္စက သာမန်တော့ မဟုတ်လောက်ဘူးဗျ နောက်ပြီး Ghost City ဆိုတာက အာဖရိကကနေ မိုင် ၁၀၀ လောက် ဆက်သွားရပြီး ဒီမြို့လေးအကြောင်းကို လူတွေသိပ်မသိကြဘူးဗျ ဘာပဲဖြစ်ဖြစ် စွန့်စာခန်း တွေဖွင့် ချင်နေ တာနဲ့ အတော်ပဲပေါ့ဗျာ ဟဲဟဲ..ဒါနဲ့ ဒီကညီမကရော "

" သီတာလား..သူလည်းလိုက်မယ်ဆိုပြီး လိုက်ခဲ့တာပဲဗျာ နောက်ပြီးသူက သွေးရောဂါဆရာဝန်ဆိုတော့ ဒေါက်တာ သောမတ်စ်ရဲ့ စမ်းသပ်မှုတွေကို လိုက်လေ့လာချင်တယ် ပူဆာနေတာနဲ့ ခေါ်လာခဲ့တာပဲဗျ နောက်ပြီး သူပါရင်လည်း ကျွန်တော်တို့အတွက် ဒေါက်တာသောမတ်စ်ကို စုံစမ်းလေ့လာတဲ့အခါပိုအကျိုးရှိနိုင်ပြီး သူ့ အတွက် လည်း မပူရဘူးဗျ သူက ကာရာတေးမှာ ခါးပတ်နတ်ချန်ပီယံလေဗျာ "

ဒေါက်တာနိုင်ဇော်ပြောသဖြင့် ကျွန်ုပ်မှာ သီတာအား လှည့်ကြည့်လိုက်ရာ သူမက ပြုံးပြီးသာ ကျွန်ုပ်အား စိုက်ကြည့် နေလေသည် ။ ဤမျှ နုနယ်ချောမောသော မိန်းကလေး တစ်ဦးက ယောင်္ကျားများနှင့် ရင်ဘောင် တန်းပြီး အန္တရာယ်ခရီးအား လိုက်မည်ဆိုသော အခါ ကျွန်ုပ်မှာ သူမအတွက်စိုးရိမ်ပြီး သိပ်ပြီး မလိုက်စေလိုလှပေ ။ ကျွန်ုပ် တွေးနေသည်ကို ဒေါက်တာ နိုင်ဇော်က ရိပ်မိသွားဟန်ဖြင့်

" သူ့အတွက်တော့မစိုးရိမ်ပါနဲ့ ကိုသက်တန့်ရေ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ကျွန်တော်တို့ နှစ်ယောက် ထက်တော့ မညံ့လှဘူးဗျ နောက်တော့ တွေ့ရပါလိမ့်မယ် ဒီနေ့ပဲ ကျွန်တော်ဒေါက်တာသောမတ်စ်ကို ကျွန်တော် တို့ ငါးယောက်လာမယ့်အကြောင်း အကြောင်းကြားလိုက်တော့မယ် ၁ လအတွင်းမှာ သူ့ဆီက ဗီဇာ ရောက်လာ မှာပါ "

" ကဲ ဒီလိုဆိုတော့လည်း ကျွန်တော်တို့ လည်း ဒီကြားထဲ ခရီးထွက်ဖို့ လိုအပ်တာတွေ ပြင်ဆင်ကြတာပေါ့ဗျာ အခုတော့ ထမင်းစားလိုက်ကြရအောင် လာဗျာ ထမင်းစားခန်းထဲသွားရအောင် လာညီမ "

သို့နှင့် ကျွန်ုပ်က ဦး ဆောင်ပြီး ထမင်းစားခန်းသို့ရောက်သောအခါ တပည့်ကျော်ထွန်းလူနှင့် ညိုမောင်တို့ နှစ်ဦး ချက်ပြုတ် ထားသော စားသောက်ဖွယ်ရာများကို စုံလင်စွာ တွေ့ရလေသည် ။

" လာလာ ဆရာ နိုင်ဇော်ဆရာ ကိုမျှော်နေတာဗျ ဒီအတိုင်းကြီး အိပ်လိုက်စားလိုက်နဲ့ အတော်ကို ပျင်းနေတာဗျ ဒီတစ်ခါ တော့ ပွဲကြီးပွဲကောင်းပဲပေါ့ "

" ဟဲဟဲ ဒါပေါ့ ကွ ဒီတစ်ခါ နိုင်ငံခြား ခရီးစဉ်သွားရမှာလေ အာဖရိက အထိဆိုပါဆို့ "

" ဟာ ဟုတ်လား ဆရာ ပွပြီပဲ ကျွန်တော်တို့ တစ်ခါမှ မရောက်ဖူးဘူး ဗျ အပီပဲ "

" အင်းဒီတစ်ခါတော့ အရင်တခါ လူသားစားကျွန်းထက် အန္တရာယ်များလိမ့်မယ်ထင်တယ်ကွ "

" ဟဟ ဆရာတို့ နှစ်ယောက်ရှိနေမှတော့ သေမင်းနဲ့ တောင်စစ်ခင်းရဲပါတယ်ဗျာ ကဲကဲ ကျွန်တော်တို့ လက်ရာ တွေ စားကြပါဦးနော် ဆရာသက်တန့်လက်ရာလောက်တော့ ကောင်းမှမဟုတ်ဘူး ဟီး သူက တောတွင်း စာဖိုမှုးလေ "

" ဟုတ်ပါ့ မင်းဆရာကတော့ တောထဲရောက်ရင် ရှိတာနဲ့ ရအောင်ချက်ပြုတ်တတ်တယ်ကွာ ကဲကဲ သီတာရေ ၀အောင် စားနော်ဘယ်သူ့ကိုမှ အားနာစရာမလိုဘူး ဒါအကိုနဲ့ ညီအကိုတွေပဲ "

" ဟုတ်ကဲ့ပါ အကို နိုင်ဇော်အကို လည်း တစ်ခါတည်းစားလေ "

ဟု သီတာက ကျွန်ုပ်အား လှမ်းပြောလိုက်ရာ ကျွန်ုပ်လည်းသူမဘေးတွင် ၀င်ထိုင်လိုက်လေသည် ။ သို့နှင့် ထမင်း စားသောက်ရင်း ကျွန်ုပ်တို့ ငါးဦးလည်း ခရီးစဉ်းအား အသေးစိတ်တိုင်ပင်ကြလေသည် ။ သို့နှင့် ထမင်းစား သောက်ပြီး သည်နှင့် ဒေါက်တာနိုင်ဇော်မှာ ဒေါက်တာသောမတ်စ်အား ခရီးစဉ်ကို အင်တာနက်လိုင်းမှ အကြောင်း ကြားရန် ထွက်ခွာသွားလေတော့သည် ။ ထွန်းလူနှင့် ညိုမောင်တို့ကား အိမ်တွင် ခရီးထွက်ရန်အတွက် ၀ယ်ရမည့်စာရင်းများကို ပြုစုနေလေတော့သည် ။

ကျွန်ုပ်နှင့် သီတာတို့လည်း ခြံဝင်းထဲရှိ ခုံတန်းလျားလေးသို့ စကားပြောရန် ထွက်ခဲ့ကြလေတော့သည်။ သေချာ စကားပြောကြည့်သောအခါ သီတာမှာ လွန်စွာ ယဉ်ကျေးသိမ်မွေ့လှပြီး နက်မှောင်သော မျက်ခုံးနှင့် နီထွေးသော နှုတ်ခမ်းအစုံတို့မှာ ကျွန်ုပ်၏ ရင်အား ကြီးမားလေးလံသော အရာဝထ္ထု တစ်ခုနှင့် ထုနှက်နေသကဲ့လို့ ရှိနေလေသည် ။ ကျွန်ုပ်သည် လောကတွင် မိန်းမလှလေးပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရဘူးသော်လည်း သီတာကဲ့သို့ ပစ်မျိုးမှည့်မထင် အလှမျိုးတော့ တွေ့ဖူးခြင်းမရှိကြောင်း ၀န်ခံရပေမည် ။ ခန္ဓာကိုယ် အချိုးအစားကလည်း တိုက်ခိုက်ရေးသမား တဦး ပီသစွာ သူ့အချိုးနှင့်သူ လွန်စွာ ကြည့်ကောင်းလှပြီး အရပ်အမောင်း အသားအရည်မှလည်း လွန်စွာ ပနံသင့်လှပလျှက်ရှိလေသည် ။ သူမနှင့်စကား ပြောသည့် အချိန်တွင် ကျွန်ုပ်၏ ရင်မှာ တသိမ့်သိမ့် တုန်လျှက်ရှိပေ၏ ။ သူမှနှင့် တစ်ခရီးတည်း ခရီးရှည်သွားရမည်မှာ ကျွန်ုပ်အဖို့ တစ်ဖက်က သူမအတွက်စိုးရိမ်မိသကဲ့သို့ တစ်ဖက်ကလည်း ကြည်နူးသာယာလျှက်ရှိပေသည် ။

" ဒါနဲ့သီတာက အခုလို အန္တရာယ် များတဲ့ ခရီးကိုလိုက်မယ်ဆိုတော့ သီတာရဲ့ ပိုင်ရှင်က ခွင့်ပြုရဲ့လား "

ကျွန်ုပ်၏ မေးသံအဆုံးတွင် သီတာဆိုသော မိန်းမချောလေးမှာ ကျွန်ုပ်အား ကြည့်ရင်း တသိမ့်သိမ့်ရယ် မောလေတော့သည် ။

" အကိုရယ် အကိုက သိပ်ရိုးတာပဲနော် သီတာမှာ ပိုင်ရှင်ရှိလား မေးလည်း ရပါတယ် နော် သီတာမှာ ဘယ်ချစ်သူ ရည်းစားပိုင်ရှင်မှမရှိပါဘူး ရှင် အကို့မှာသာ ဆရာဝန်ချောချောလေးဆိုတော့ မိန်းကလေးတွေ ၀ိုင်းဝိုင်း လည်နေမှာပေါ့နော် "

" အာ.. ဘယ်ကလာသီတာရယ် အကိုက စွန့်စားမှုတွေပဲ ၀ါသနာပါတာလေ ဒီတော့ အရင်ကတော့ ဒီလို ချစ်သူရည်း စားကိစ္စတွေကို စိတ်မ၀င်စားပါဘူး "

" အရင်ကတော့ဆိုတော့ အခုရော "

" အင်း အခုတော့ မပြောတတ်သေးဘူး စိတ်ဝင်စားရတော့မယ်ထင်တယ် "

ဟု ကျွန်ုပ်ကပြောလိုက်ရာ သီတာ၏ ဖြူဖွေးသန့်စင်သော မျက်နှာလေးမှာ ပန်းနုရောင်လေးတွေသန်းသွားပြီး ရှက်သွား ဟန်ဖြင့်ခေါင်းငုံ့သွားလေရာ ကျွန်ုပ်၏ ရင်ထဲမှာလည်း ဗုံ အလုံး တစ်ရာခန့်တီးနေသကဲ့သို့ တဒိန်း ဒိန်းရှိနေလေတော့သည် ။

သို့နှင့် နောက်ပိုင်းရက်များတွင် ကျွန်ုပ်တို့အဖွဲ့မှာ လိုအပ်သော အင်္ကျီဘောင်းဘီ ၊ ဓါးမြှောင် ၊ ရေဘူး ၊ စသည် တို့အပြင် လိုအပ်သည်များကို အသေးစိတ်စီမံရလေတော့သည် ။ ဒေါက်တာနိုင်ဇော်တို့ရောက်ပြီး ၃ ပတ်မျှ အကြာ တွင်ဒေါက်တာသောမတ်ထံမှကျွန်ုပ်တို့ငါးဦးအတွက် Visa ရောက်ရှိလာလေတော့သည် ။ ဗီဇာ ရောက်ပြီး နောက်ငါးရက်မြောက်နေ့တွင် ခရီးထွက်ရန်သတ်မှတ်လိုက်လေတော့သည် ။ ဤအတောအတွင်း လေယဉ်လတ်မှတ် နှင့် ညိုမောင်ထွန်းလူတို့အတွက် ပါ့စပို့စ်ကိစ္စအား စီမံရလေသည် ။ ကျွန်ုပ် ဒေါက်တာ နိုင်ဇော်နှင့် သီတာတို့ ၃ ဦးမှာမှု ပါ့စပို့စ်များရှိပြီးသားဖြင်၍ များစွာ အခက်အခဲမရှိလှပေ ။ သို့နှင့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှနေ၍ အာဖရိကနိုင်ငံ Cape Town မြို့အထိ ကြီးကြီးမားမား အခက်အခဲ တစ်စုံတစ် ရာ မတွေ့ခဲ့ရ၍ လမ်းခရီးစဉ်အား အသေးစိတ် မဖော်ပြတော့ပေ ။

ခရီးစဉ်တစ်လျောက်လုံး ရယ်မောပျော်ရွှင်စွာဖြင့် လာခဲ့ကြရာ အန္တရာယ်များသော ခရီးတစ်ခုအား သွားနေသည် နှင့်မတူလှပဲ ပျော်ပွဲစားထွက်လာသည်နှင့်ပင်တူပေတော့သည် ။ Cape Town မြို့သို့ရောက်သောအခါ ကျွန်ုပ်တို့ခရီး စဉ်ကား အဆုံးသတ်လေတော့သည် ။ Ghost City သို့သွားရန် ကိုယ်ပိုင်မော် တော်ယဉ်ဖြင့် သွားမှသာရောက်နိုင်ပေတော့သည် ။ သို့နှင့် Cape Town မြို့တွင် လိုအပ်သောအရာများကို ၀ယ်ရင်း ကျွန်ုပ်တို့အဖို့လည်း လိုရမယ်ရ သေနတ်တစ်လက်စီ ၀ယ်ခဲ့ကြလေတော့သည် ။ အာဖရိက ရှိ Cape Town မြို့လေးတွင် မှောင်ခိုရောင်းချသော လက်နက်ဆိုင် အများအပြားရှိလေသည် ။ ကျွန်ုပ်တို့နှင့် အတူ လိုက်လော သီတာမှာ ဂျင်းပင် ဘောင်းဘီနှင့် ဂျာကင် အင်္ကျီကို ၀တ်ဆင်ထားရာ လွန်စွာကြည့်ကောင်းလှပေသည် ။

အပိုင်း (၄) မျှော်.......

သက်တန့်ချို
21 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, July 21, 2010

ကျွန်ုပ်နှင့်သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၂)


ကျွန်ုပ်နှင့်သွေးဆာနေသော မြို့တစ်မြို့ (အပိုင်း ၂)





မနက်ခင်းအချိန်ကား လွန်စွာ သာယာလျှက်ရှိ၏ ။ ကျွန်ုပ်၏ တပည့်ကျော် ၂ ဦးဖြစ်သော ညိုမောင်နှင့် ထွန်း လူမှာမူ နံနက် စာအတွက် ဈေးသွားသူကသွား ချက်ပြုတ်သူကပြုတ်၍ ပြင်ဆင်လျှက်ရှိပေသည် ။ ကျွန်ုပ်လည်း နံနက်တိုင်း ပြုလုပ်နေကျဖြစ်သော ကိုယ်လက်လေ့ကျင့်ခန်းများကို စတင်ပြုလုပ်လေတော့သည် ။ ကျွန်ုပ်တို့ အဖွဲ့သည် မနုဿ လူသား စားကျွန်းမှ ပြန်လာပြီးသည်နှင့် မြန်မာပြည်အနှံ့ ဘုရားဖူး ထွက်ခဲ့ကြလေသည် ။

(ကျွန်ုပ်နှင့် မနုဿ လူသား စားကျွန်းအား မဖတ်ရသေးသူများ ဤနေရာတွင်ဖတ်ပါ )


ထို့နောက်ဘုရားစုံဖူးပြီး၍ ယခု အိမ်တွင်နားနေသည်မှာ ၆ လကျော်ခန့်ပင်ရှိနေပြီဖြစ်၏ ။ စွန့်စားမှုများကို ၀ါသနာ ထုံလှ သော ကျွန်ုပ်အဖို့ အဆိုပါ အချိန်ကာလများသည် လွန်စွာ ပျင်းရိငြီး ငွေ့ဖွယ်ကောင်း ကြောင်း ၀န်ခံရပေမည် ။ ထိုအ ခိုက် ခြံဝတွင် ကားရပ်သံကြား၍ လှမ်းကြည့်လိုက်ရာ ဂျစ်ကားတစ်စီးပေါ်မှ ဆင်းလာသော ဒေါက်တာ နိုင်ဇော် အား ၀မ်းမြောက်ဖွယ်တွေ့ရလေသည် ။ အလို...ဒေါက်တာနိုင်ဇော် နောက်တွင် လွန်စွာ ချောမောလှပသော မြန်မာ လူမျိုး ထဲတွင် ရှာမှရှားသော အရပ်အမောင်းနှင့် ဖြူဝင်းနုညက်သော အသား အရည်ပိုင်ရှင် မိန်းမပျိုလေးတစ်ဦးလည်း ပါလာ လေသည် ။ ကျွန်ုပ်သည် ထိုစဉ်က အဆိုပါမိန်းကလေးအား ဒေါက်တာနိုင်ဇော်၏ ချစ်သူ (သို့မဟုတ်) ဇနီးဟု တွေးထင်လိုက်မိကာ ကျွန်ုပ်အား အကြောင်းမ ကြားရ ကောင်းလားဟု စိတ်ခုမိသေးပေသည်။

" ဟာ ...လာဗျို့ ကို နိုင်ဇော် အဖော်ပါလာတာလား ခင်ဗျားဗျာ ကျွန်တော့်ကိုတောင်အကြောင်းမကြားဘူး "

" ဟိုက် လုပ်တော့မယ် ကိုသက်တန့်ကတော့ လာပါ အပေါ်ရောက်မှ အေးဆေးရှင်းပြမယ်ဗျာ "

" ထွန်းလူရေ..ဝေး..ထွန်းလူ..လာပါဦးဟ ဒီမှာ ပစ္စည်းတွေဝိုင်းသယ်ပေးပါဦး "

" ဟုတ်ကဲ့ဆရာ လာပါပြီ ဟာ...ဆရာနိုင်ဇော်ဘယ်တုန်းကရောက်လာတာလည်း လာမယ်ဆိုကြိုပြောရောပေါ့ ကျွန် တော် တို့ လာကြိုမှာပေါ့ဗျာ "

ဟုပြောလိုက်ပြီး ဒေါက်တာနိုင်ဇော်နောက်မှ မိန်းမပျိုအား တွေ့မြင်သွားကာ

" ဟာ ဆရာနိုင်ဇော်မိန်းမရသွားပြီလားဗျ "

" အာ.. ဒီဆရာတပည့်တွေကတော့ တွေးပုံကတော့ တစ်ပုံစံတည်းချည်းပဲ ကဲကဲ... အပေါ်တက်ပါရစေဦး အေး ဆေး ပေါ့ "

ဟု ဆိုကာ ၄င်း၏ လက်ဆွဲအိတ်ကို ဆွဲကာ အိမ်ပေါ်သို့ တက်သွားလေတော့သည် ။

ဂျစ်ကားပေါ်မှ အိတ်များအား ထွန်းလူနှင့် ကျွန်ုပ်က ၀ိုင်းဝန်းသယ်ချပေးလေသည် ။ ထိုစဉ်မိန်းမပျိုလေးက ကျွန်ုပ်အား နှစ်လိုဖွယ်ရာ ပြုံးပြကာ

" ဒေါက်တာသက်တန့်ထင်တယ် အကိုနိုင်ဇော်က သူ့သူငယ်ချင်းအကြောင်း ခဏခဏပြောပါတယ် တွေ့ရတာ ၀မ်းသာ ပါတယ်ရှင် "

" ဟုတ်ကဲ့ပါဗျာ ကျွန်တော့်ကို ရင်းရင်းနှီးနှီးပဲခေါ်ပါရပါတယ် "

" ဒါဆို အကိုလို့ပဲ ခေါ်မယ်နော် "

" ဟုတ်ကဲ့အပေါ်တက်ပါဦး"

သို့နှင့် ကျွန်ုပ်တို့အပေါ်သို့ရောက်သောအခါ ဒေါက်တာနိုင်ဇော်ကား ရေချိုးခန်းဝင်နေပေပြီ ။ ဒေါက်တာ နိုင်ဇော် အဖို့ ကျွန်ုပ်၏ အိမ်ကား စားအိမ်သောက်အိမ်ပင် ဖြစ်နေချေပြီ ။ (ဒေါက်တာနိုင်ဇော်၏ အကြောင်း ကား စာ ဖတ်သူ များ ယခင်စွန့် စားခန်းများတွင် အတန်အသင့် သိထားပြီဖြစ်၍ အကျယ်မချဲ့တော့ပြီ ) မိန်းမပျို လေး ကား ထိုင်ခုံတွင် ထိုင်ရင်း

" အစ်ကို ကျွန်မနဲ့ အကို နိုင်ဇော်ကို အထင်လွဲနေတယ်ထင်တယ် အကိုနိုင်ဇော်က ကျွန်မရဲ့ အကို ၀မ်းကွဲ တော် ပါတယ် ကျွန်မနာမည်က သီတာလို့ ခေါ်ပါတယ် အကို အခုအကို့ဆီလာတာ ခရီးတစ်ခုထွက်ဖို့အတွက်ပါ "

" ဟုတ်တယ်ကိုသက်တန့်ရေ ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်းပဲဗျ ဟဲဟဲ "

ဟုဆိုကာ ဒေါက်တာနိုင်ဇော်ကား ရေချိုးပြီး၍ ထွက်လာလေသည် ။ ထိုအခိုက် ဈေးဝယ်ရာမှ ပြန်လာသော ညို မောင် မှာ အိမ်ပေါ်တက်လာပြီး

" ဟာ ဆရာ နိုင်ဇော်ပါလားထင်တော့ထင်သား လမ်းမှာ လူကြုံတွေက မင်းတို့အိမ်ဧည့်သည်တွေ ရောက် နေ တယ် ဆိုတာ နဲ့ ဟင်းစားတောင်ပိုဝယ်ခဲ့သေးတယ် "

" ကောင်းပါ့ကွာ ဒီတခါတော့ စွန့်စားခန်းပါလာတယ်ဗျို့ "

" ကြိုက်ပြီဗျာ ဒီအတိုင်းနေရတာ ပျင်းလွန်းလို့ သေတော့မယ် ဟဲဟဲ..ဟင်းသွားချက်လိုက်ဦးမယ် နော် "

ဟုဆိုကာ မီးဖိုချောင်ထဲသို့ ၀င်သွားလေတော့သည် ။ ဧည့်ခန်းတွင် ဒေါက်တာနိုင်ဇော် ၊ သီတာနှင့် ကျွန်ုပ်တို့ ၃ ဦးသာ လျှင် ကျန်ခဲ့လေတော့သည် ။

" ကိုသက်တန့်ရေ ဒီတစ်ခါ ခရီးကတော့ ဒေသတွင်းမဟုတ်ဘူးဗျ အာဖရိကကို သွားရလိမ့်မယ် "

" ဟုတ်လား ဆိုစမ်းပါဦးဗျ "

" အင်း ဒီအကြောင်းမပြောခင် ဒါက ကျွန်တော့်ညီမ ၀မ်းကွဲသီတာတဲ့ သူက Haematologist (သွေးရော ဂါဗေ ဒဆရာဝန်) လေ အခု ပါရဂူတန်းတက်နေတယ် ဒီလိုဗျာ ဟို တစ်ခေါက် မနုဿ လူသားစားကျွန်းက လရလာတဲ့ သစ်ခွကို ကမ္ဘာ့ရှားပါးစာရင်းဝင်ဖြစ်ဖို့ နိုင်ငံခြားကို ကျွန်တော်ခရီးထွက်ခဲ့တယ် ။ အဲဒီမှာ ကျွန်တော် နိုင်ငံခြား သား တစ်ဦးနဲ့ ရင်းနှီးခဲ့တယ်ဗျ သူ့နာမည်က Professor Dr. Thomas တဲ့ သူနဲ့တွေ့တာကတော့ အင်္ဂလန်မှာပါ ..ဒါပေမယ့် Dr.Thomas နေတာကတော့ Cape Town နဲ့ မိုင် ၁၀၀လောက်ဝေးတဲ့ Ghost City လို့ခေါ်တဲ့ ဒဏ္ဍာရီ ဆန်ဆန် မြို့လေးမှာပဲဗျ ။ Cape Town ကတော့ အာဖရိကရဲ့ အထင်ကရဲမြို့တစ်မြို့ပေါ့ဗျာ ။ အဲဒီ Ghost City ကတော့ လူသူအရောက်အပေါက်နည်းတယ်လို့ ဆိုရမယ်ဗျ Dr.Thomas နဲ့စကားစပ်မိရင်း သူလည်း သွေးရောဂါ ဗေဒ ပါမောက္ခတစ်ဦးပဲဗျ Haematologist ပေါ့ဗျာ တီထွင်ပါရဂူဆိုပါတော့ သူကအခု Lukemia (သွေးကင်ဆာ) ကိုနိုင်တဲ့ နည်းကို တီထွင်နေတယ်ဗျ သူ့နည်းကတော့ Lukaemic cell ကိုသတ်နိုင်တဲ့ Virus တစ်ခုကို တီထွင်တာပဲဗျ အဲဒါနဲ့သူက သူ့ရဲ့တီထွင်မှုကို လာရောက်လေ့လာဖို့ ဖိတ်ခေါ် လိုက်တယ်ဗျ ဒီလိုနဲ့သူနဲ့ စကားလက်ဆုံကျပြီး သူသန့်စင်ခန်းခဏထွက်သွားတယ်ဗျ ။ အဲဒီမှာ သူ့ကုတ် အင်္ကျီထဲကနေ ဓါတ်ပုံတစ်ပုံထွက်ကျလာတယ်ဗျ ဟောဒီပုံပဲ ။



ဒါနဲ့ ကျွန်တော်လည်း သူ့ပုံကို မသိမသာ အိတ်ထဲထည့်ထားလိုက်တယ် ။ နောက်တော့သူပြန်လာပြီး Ghost City ကို အလည် လာမယ့်လူဦးရေကို Email ကနေပို့ပေးပါတဲ့ ။ သူ Visa နဲ့ လေယဉ်လက်မှတ်လှမ်းပို့လိုက်မယ်တဲ့ ။ ဒါနဲ့ ကျွန်တော် လည်း လာလည်ပါ့မယ်လို့ ဂတိပေးလိုက်တယ်ဗျ အဲဒီတော့သူက ဆက်ဆက် လာခဲ့ကြဖို့ အကြောင်း ကို ကျွန်တော့် မျက်လုံးတွေကို စိုက်ကြည့်ပြီးပြောသွားတယ်ဗျ "

ဟုဆိုကာ ဒေါက်တာနိုင်ဇော်က ရှည်လျှားစွာ ရှင်းပြပြီး မောသွားဟန်ဖြင့် ရေတစ်ခွက်သောက်လေသည် ။

အပိုင်း (၃) မျှော်.........။

သက်တန့်ချို
21 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 20, 2010

ကျွန်ုပ်နှင့် သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁)

ကျွန်ုပ်နှင့် သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁)



ပတ်ဝန်းကျင်က သုဿန်တစ်စပြင်နှယ် တိတ်ဆိတ်ခြောက်ကပ်လွန်းနေသည် ။ အချိန် ကိုခန့်မှန်း ကြည့်လိုက် တော့ ညနေ ၄ နာရီထိုးပြီ ။ တိုက်ပျက်တစ်လုံးကိုမှီပြီး မနေ့ကစတိုးဆိုင်မှယူခဲ့သော ပေါင်မုန့် တစ်လုံးအား အဆာ ပြေထိုင်စားနေမိသည် ။ ထိုအခိုက် ညည်းသံလိုလို ကြားလိုက်ရ၍ ကျွန်ုပ်၏ စိတ်ဝိဥာဉ်ကို ပတ်ဝန်းကျင်သို့ စူးစမ်းပို့လွှတ်လိုက်ရသည် ။ အရိပ်.... အရိပ် ဒီလိုအရိပ်များကို မြင်လိုက်ကတည်းက ကျွန်ုပ် အလို လို မတ်တပ်ရပ်မိသွားသည် ။

" သွေးစုပ်ကောင် "

တစ်နည်းအားဖြင့် သွေးဆာနေသော လူသားတစ်ဦး ။ ကျွန်ုပ်အနီးသို့ ချဉ်းကပ်လာချေပြီ ။ ကျွန်ုပ်လည်း လက် ထဲမှ အူဇီ သေနတ်အား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး အနီးမှ သေတ္တာတစ်လုံးနောက်သို့ ၀င်ရောက် ပုန်းခို လိုက်လေ၏ ။ ဟော... လာပါပြီ ....ခန္တာကိုယ်ကို ယိုင်တိုင်ယိုင်တိုင်လျောက်လာရင်း ကျွန်ုပ်၏ လူသားအနံ့ (တနည်းဆိုရသော် သွေးနံ့) ကို ရှာဖွေနေဟန်ရှိသည် ။ ဘုရားရေ... သွေးစုပ်ကောင်ကားကျွန်ုပ်ပုန်းခိုရာ သေတ္တာဆီသို့ တရွေ့ရွေ့လျောက်လာနေချေပြီ ။

“ ကလစ်”

လိုရမယ်ရ သေနတ်မောင်းအား တင်ထားလိုက်သည် ။

ပတ်ဝန်းကျင်ကား အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ခြောက်ခြားလွန်းနေသည် ။ ထိုအခိုက် ကျွန်ုပ် နှင့် ခပ်လှမ်းလှမ်း ၂ တိုက်ကျော်လောက်မှ အော်သံတစ်ခုအား ကျယ်လောင်စွာ ကြားလိုက်ရသည် ။

" အား "

အသံနက်ကြီးကြောင့် သွေးစုပ်ကောင်လည်း ကျွန်ုပ်ရှိရာသို့ ဆက်မလာတော့ပဲ အသံကြားရာ တိုက်ဆီသို့ တရွေ့ရွေ့ ထွက်ခွာသွားလေသည် ။ ထိုအခါမှ ကျွန်ုပ်လည်းသက်ပြင်းချကာ သွေးစုပ်ကောင်အား ကြည့်မိ လိုက်တော့ သွေးသံရဲရဲ ပေစွန်းနေသော ရှပ်အင်္ကျီ အဖြူနှင့် အောက်ဖက်မှ စတိုင်ဘောင်းဘီအနက်ကတော့ စုပ်ပြဲ လျှက်ရှိလေသည် ။ ရုတ်တရက်သွေးစုပ်ကောင်က လည်ပြန်လှည့်ကြည့်၍ ကျွန်ုပ်မှာ လျှင်မြန်စွာ ၀ပ်ချလိုက်ရလေသည် ။ သွေးစုပ်ကောင်ကား တရွေ့ရွေ့သွားရင်း အသံကြားရာ တိုက်ပျက်အတွင်းသို့ ၀င်သွား လေ သည် ။ ကျွန်ုပ်လည်း ဤနေရာတွင်ဆက်လက်ပုန်းခိုရန် မသင့်လျော်သဖြင့် သေတ္တာဘေးမှ ထွက်ကာ တိုက်ဘေး မှအသာကပ်၍ ထွက်လာခဲ့လေသည် ။ ရှေ့တွင်လမ်းကြာတးစ်ခု ....။ ဟိုဖက်တိုက်သို့ သွားနိုင်ရန် ဒီလမ်းကြားကို ဖြတ်ကူးမှရနိုင်ပေမည် ။ ကျွန်ုပ်လည်း လမ်းကြားထဲ၌ အန္တရာယ်ကင်းမကင်းသိနိုင်ရန် တိုက် အစွန်းလေကို ကွယ်၍ အသာချောင်းကြည့်လိုက်လေသည် ။ မြင်ကွင်းက လွန်စွာ အသဲယား ထိတ်လန့် ဖွယ်ရာပင် ။ လတ်တလော ၄င်းတို့ တိုက်ခိုက်၍ သေဆုံးခဲ့ရသော အလောင်းတလောင်းအား ၀ိုင်းဝန်းစား သောက်နေကြသော သွေးစုပ်ကောင် ၆ ကောင်... ။ သူတို့အရှိန်နှင့်သူတို့မို့ ကျွန်ုပ်အား သတိပြုမိဟန်မပေါ်ပေ ။

လမ်းကြားလေးကား သွေးညှီနဲ့တို့ဖြင့် မြင်မကောင်းလောက်အောင် ပေကျံပွပလဲလျှက်ရှိသည် ။ ကျွန်ုပ်လည်း မထူး တော့ပြီမို့ လမ်းကြားအား အရဲစွန့်ကာ ဖြတ်ကူးလိုက်လေသည် ။ ကံဆိုးလှစွာပင် သွေးစုပ် ကောင် တစ်ဦးကား ကျွန်ုပ်အား မြင်တွေ့သွားခဲ့ချေပြီ ။ ကျွန်ုပ်လည်း ပတ်ဝန်းကျင်ကို လေ့လာလိုက်ရာ မှောင်စ ပြုလာပြီ ဖြစ်သဖြင့် အန္တရာယ်ကြားတွင် ဆက်လက်သွားလာရန် မဖြစ်နိုင်သည်က တကြောင်း ၊ သွေးစုပ်ကောင် ၆ ဦးကား ကျွန်ုပ်ကို တွေ့မြင်သွားပြီဖြစ်၍လိုက်လာပြီက တကြောင်းကြောင့် နီးစပ်ရာ တိုက်ပျက်အိုကြီးအတွင်းသို့ လှစ်ကနဲဝင်လိုက်လေသည် ။ လူမနေသည်မှာ ကြာပြီဖြစ်၍ ဖုန်တလူးလူးဖြင့် ညှီစို့စို့ အနံ့ကြီးကြောင့် အော်ဂလီဆန်သွားမိသည် ။ စိတ်ကို လျှင်မြင်စွာ ချုပ်တည်း ရင်း အိမ်ကြီးအတွင်းသို့ လေ့လာလိုက်သည် ။ အောက်ထပ်တွင် အခန်းက ငါးခန်း ၊ အပေါ်ထပ်ကြီးသို့ တက်သော လှေကား ၂စင်းကား ခန့်ထည်လှသော်လည်း အချို့နေရာများတွင် လှေကားထစ်များ မရှိတော့ပေ ။ ထိုအခိုက် အနောက်ဖက်မှ ခြေသံများ ကြားလာ၍ ညာဖက်ရှိ တံခါးတစ်ခုအားဖွင့်၍ ၀င်လိုက်၏ ။ သွေးစုပ်ကောင်များ လိုက်လာကြပေပြီ ။ ကျွန်ုပ်ဝင်မိသော အခန်းကား စတိုခန်းတစ်ခု ဖြစ်ဟန်တူသည် ။ ပြတင်းပေါက်တစ်ခုမှ မရှိပဲ ပစ္စည်းအစုတ်များနှင့် ကားတာယာ အဟောင်းများနှင့် တိုလီမုတ်စပစ္စည်းများကို တွေ့ရလေသည် ။ ဘီဒိုဟောင်းတစ်ခုကိုလည်း တွေ့ရလေသည် ။ သွေးစုပ်ကောင်များ လိုက်၍ မ၀င်လာစေရန် အတွင်းဖက်မှ တံခါးချက်အား ချထားလိုက်သည်။ ဘီဒိုသို့ လျောက်သွား၍ လေ့လာကြည့်လိုက်ရာ ယမ်းမှုန့်တစ်ဘူးနှင့် ၉/၁၀ ဂွင်းဂွ တစ်ချောင်းသာ အကောင်း တွေ့ရလေသည် ။ ကျွန်ုပ်လည်း ထွေထွေ ထူးထူး စဉ်းစားမနေတော့ပဲ ယမ်းမှုန့်ဘူးအားယူ၍ ဂွအား လိုရမယ်ရ ဘောင်း ဘီအိတ်ထဲထည့်ထားလိုက်သည်။

အခန်းကို မျက်စိကစားလိုက်တော့ ထွက်ပေါက်ဟူ၍ မတွေ့လိုက်ရ၍ လွန်စွာ စိတ်ပျက်သွားမိကြောင်း ၀န်ခံရပေမည် ။ သို့ရာတွင် အန္တရာယ်စွန့်စားခန်းများနှင့် ကြုံမှ စားဝင်အိပ်ပျော်သော ကျွန်ုပ်၏ ဥာဉ်အတိုင်း ခဏ ကြာလျှင် စိတ်ပျက်အားငယ်မှုတို့မှာ အဝေးဆီသို့ လွင့်ပျောက်သွားလေတော့သည် ။ အလို....အခန်းထောင့် ကြမ်းပြင်တွင် ပတ္တာတစ်ခု ...။ ကျွန်ုပ်လည်း ထိုအနီးအနားသို့သွား၍ ဖုန်များကို ခါထုတ်လိုက်ရာ ကံအား လျော်စွာပင် အောက်ခြေသို့ ဆင်းမည့်တံခါးတစ်ချုပ်ဖြစ်နေလေသည် ။

" ဒုန်း...ဒုန်း....ဒုန်း...."

တံခါးကို လာထုသံများကြောင့် ကျွန်ုပ်နေထိုင်ရာ အခန်းအတွင်းသို့ မကြာခင်သွေးစုပ်ကောင်များ ၀င်လာ တော့မည် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည် ။ အချိန်ဆွဲမနေတော့ပဲ ပတ္တာအား ဆွဲမကြည့်လိုက်ရာ လွယ်ကူစွာ ပင် ပွင့်လာလေသည် ။

" ဒုန်း.....ဒုန်း "

တံခါးအား အပြင်မှ ပစ္စည်း တစ်မျိုးမျိုးဖြင့် ထုရိုက်ဖျက်ဆီးနေဟန်ရှိလေသည် ။ ကျွန်ုပ်လည်း တံခါးပွင့်ပွင့်ချင်း မြေ အောက်ခန်းသို့ လျှင်မြန်စွာ ဆင်းကာ တံခါးအား ဆွဲပိတ်လိုက်လေသည် ။

“ ၀ုန်း”

ကျွန်ုပ်လည်း မြေအောက်တံခါး အပိတ် တံခါးမကြီးလည်း ပွင့်ထွက်ချိန် တပြိုင်တည်းဖြစ်ခဲ့ဟန်တူသည် ။ သေချာ စေရန်အတွင်းဖက်မှ ဂျက်ကို ထိုးကား အသံတိတ်နေရလေသည် ။

အပေါ်ထပ်ကြမ်းပြင်မှ ခြေသံများကို အတိုင်းသားကြားနေရသည် ။ ။ ကျွန်ုပ်ကံဆိုးလွန်း၍ ဤ သွေးစုပ် ကောင်များ မြေအောက်ခန်းအတွင်းသို့လိုက်ဆင်းလာလျှင် ကျွန်ုပ်မှာ ရှောင်ပြေးစရာ မြေမရှိတော့ပေ ။ ခါးမှ ကျည်ဆံကို စမ်းကြည့်တော့ ငါးတောင့်သာ ကျန်တော့သည် ။ မဖြစ်သေး ဒီကျည်ဆံကို အကုန်သုံး၍ မဖြစ်နိုင် မှန်းကျွန်ုပ် သိနေသည် ။ ရှေ့ဆက်ရမည့်ခရီး ... ဒီမြို့လေးထဲမှ လွတ်မြောက်နိုင်မည့်မျှော်လင့်ချက်ကား မှုန်ပျပျသာ... ။ သွေးစုပ် ကောင်များမြေအောက်တံခါးအား ရှာမတွေ့ပါစေနဲ့ဟု ဆုတောင်းရန်မှတပါး အခြားမရှိတော့ပေ ။

၅ မိနစ်.....၁၀ မိနစ်......၁၅ မိနစ်.......ခြေသံများ တိတ်ဆိတ်သွားကြတော့မှ ကျွန်ုပ်လည်း သက်ပြင်းချ နိုင်ပေသည် ။ ယခုမှ မြေအောက်ခန်းကို သေချာကြည့်မိတော့သည် ။ အခန်းကား အတော် ကျယ်ဝန်း ဟန်ရှိ လေသည် ။ စားပွဲပေါ်တွင် မှန်အိမ်တစ်လုံးကို တွေ့ရ၍ မီးထွန်းလိုက်ရာ အတော်အသင့် လင်းရှင်းသွား လေသည် ။ ဤ မြေအောက်ခန်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးခိုကျင်း ဖြစ်ခဲ့ဟန်တူသည် ။ ကျွန်ုပ်လည်း ထောင့်တစ် ထောင့်သွား၍ ခြေပစ်လက်ပစ်ထိုင်ချလိုက်လေသည် ။ ကျွန်ုပ်နှင့်အတူ ဤ ခရီးကို လာခဲ့သော ဒေါက်တာ နိုင်ဇော် ၊ သီတာဆိုသော ကောင်မလေး ၊ ညိုမောင် ၊ ထွန်းလူတို့ ဘယ်ရောက်ကုန်သနည်း ။ သူတို့ရော အ သက်မှ ရှင်သေးရဲ့လားဟု ကျွန်ုပ်တွေးနေမိသည် ။ အမှန်စင်စစ် ဤခရီးပေါ်ပေါက်လာရသော အကြောင်း ရင်းကား.............။

အပိုင်း (၂) မျှော်.....။

သက်တန့်ချို
20 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, July 17, 2010

ရထားငယ်လေးနဲ့ အပန်းဖြေနိုင်မယ့် အရက်ဘား

ရထားငယ်လေးနဲ့ အပန်းဖြေနိုင်မယ့် အရက်ဘား


အရက်ဘားဆိုတာ ဟာ မကောင်းတဲ့လူတွေက မကောင်းတဲ့အရည်တွေကို သောက်ကြတဲ့နေရာ အဖြစ်ပဲ လူ တွေအသိများကြပါတယ် ။ ပုံမှန်အရကြည့်မယ်ဆိုရင်လည်း အရက်ဘားမှာ ဆေးလိပ်ငွေ့တလူလူနဲ့ လူတွေ မူးရူး နေကြတာကိုပဲ တွေ့မြင်နိုင်မှာပါ ။ ဒါပေမယ့်လည်း အရက်သောက်တဲလူတွေထဲမှာလည်း တည်ထွင် နိုင် မှုစွမ်း ရည်တွေရှိတယ်ဆိုတာ လက်ခံရမှာပါ ။ ကဲ ဒီတခါတော့ ထူးဆန်းတဲ့ အရက်ဘားပိုင်ရှင်က သူ့ရဲက သောက် သုံးသူ တွေကိုအမြင်ဆန်းတဲ့ ရထားငယ်လေးတွေနဲ့ လှည့်စား ဆွဲဆောင်လိုက်ပါပြီ ။


Czech Republic မှာ သောက်သုံးသူတွေကို ရထားငယ်လေးတွေနဲ့ ဘီယာခွက်တွေ အရက်ခွက်တွေကို ဘူတာ တစ်ခုချင်းစီကနေ serve လုပ်နေတဲ့ပုံကို တွေ့မြင်နိုင်ပါတယ် ။ ရလားလမ်းလေးတွေကလည်း အစီအရီနဲ့ ။အ ကယ် ၍ သင်ဟာ တစ်ခုခုကို မှာမယ်ဆိုရင် ပျင်းရိတဲ့ စားပွဲထိုးကို စောင့်နေစ ရာမလိုပါဘူး။ သင်မှာပြီးတဲ့ အခါမှာ လည်း သူနဲ့ဆက်ဆံစရာမလိုပါဘူး ။ သင်မှာပြီးတာနဲ့ မိနစ်အနည်းငယ်လေးအတွင်းမှာ ရထား လေးရောက် လာ ပြီး သင်မှာတဲ့အရာတွေကို လာရောက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ် ။









သက်တန့်ချို
17 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သက်ရှိအလား သဲသောင်ပြင်ပန်းပုရုပ်များ

သက်ရှိအလား သဲသောင်ပြင်ပန်းပုရုပ်များ

၂၀၁၀ ခုနှစ် ဂျူလိုင် ၁၂ ရက်နေ့မှာ ရိုက်ကူးထားတဲ့ပုံလေးတွေဖြစ်ပါတယ် ။ ၈ ကြိမ်မြောက်အ ပြည်ပြည်ဆိုင်ရာ သဲ သောင်ပြင်ပန်းပုပွဲတော်ကို ပေါ်တူဂီနိုင်ငံ Pera,Algarve မှာ ကျင်းပခဲ့ပါတယ် ။ ရှားပါးတဲ့ တိရိစ္ဆာန်တွေရဲ့ ပုံတွေ ၊ လူတွေနဲ့ အဆောက်အအုံတွေကို နှစ်စဉ်ပွဲတော်မှာ ပြသခဲ့ပါတယ် ။ တကယ့် သက်ရှိအလား သက်ရှိ ကမ္ဘာ မှာ နေစဉ်ကအတိုင်းပေါ့ ။




သက်တန့်ချို
17 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 16, 2010

ကမ္ဘာပေါ်ရှိ ထူးဆန်းသောအဆောက်အုံများ

ကမ္ဘာပေါ်ရှိ ထူးဆန်းသောအဆောက်အုံများ

ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဒီဇိုင်းဆန်းတဲ့အဆောက်အအုံတွေကို ဖော်ပြပေးလိုက်ပါတယ် ။ ခေတ်သစ်ဗိသုကာ လက်ရာ တွေရဲ့ အံ့မခန်း အရသာ ကို ခံစားကြည့်ကြပါစို့ ။






















www.thettantcho.com

သက်တန့်ချို
16 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ပိုက်ဆံပေးမှ ထိုင်လို့ရမယ့် ခုံတန်းလျား

ပိုက်ဆံပေးမှ ထိုင်လို့ရမယ့် ခုံတန်းလျား


ဒီကို့ယို့ကားယား နိုင်တဲ့ ခုံတန်းလျားရဲ့ ဒီဇိုင်းဟာ သင့်ရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ထုတ်ယူမယ့် နောက်ဆုံး ပေါ် ဒီဇိုင်းပဲပေါ့ ။ သင်မြင်တဲ့အတိုင်းပါပဲ ..အကြွေစေ့လေးထည့်လိုက်ပါ ဒါဆိုရင်သင့်အတွက် ထိုင်ခုံက သက်တောင့်သက်သာရှိစေမှာ ဖြစ်ပြီး သင်အနားယူနိုင်ပါပြီ ။ ဒါပေမယ့်လည်း သင်ထိုင် နေတဲ့ အချိန်ပြည့်ပြီဆိုတာနဲ့ သင်နောက်ထပ် အကြွေစေ့ထပ်ထည့်မှာသာ ထပ်ပြီးထိုင်လို့ ရမှာ ဖြစ်ပါတယ် ။

အကယ်၍ သင်ဟာ ပိုက်ဆံမပေးပဲ ထိုင်ချင်တယ်ဆိုပါစို့ ။ ဒါဆိုရင်တော့ သင့် တင်ပါ့းမှာ စူးရာတွေ ခြစ်မိစေမှာ ဖြစ်ပြီး ၀မ်းနည်းစရာကောင်တာက အဲဒီနေရာမှာ တခြား အနားယူစရာ ထိုင်ခုံလည်းမရှိပါဘူး ။ ဒါကြောင့် သင်ထိုင် ချင်တယ်ဆိုရင်တော့ အကြွေစေ့ပေးပြီး ထိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ် ။

ကဲဘယ်လို ပေးပြီး ထိုင်ရတယ်ဆိုတာ လေ့လာကြည့်ပါဦး ။













သက်တန့်ချို
16 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails