Thursday, December 3, 2009

ကြောက်လိုက်ပါဘိ....အိုတစ္ဆေ (အပိုင်း ၃)

ကြောက်လိုက်ပါဘိ....အိုတစ္ဆေ (အပိုင်း ၃)






သွေးညှီနံ့တွေကို အော်ဂလီဆန်နေတုန်း ရုတ်တရက်ကြားလိုက်ရသည့် ခြေသံလိုလို အသံကြောင့် ငါး ယောက်စလုံး နံရံသို့သွား၍ ကပ်လိုက်ကြသည် ။ ခြေသံသာကြားနေရပြီး ထူးထူးခြားခြား လှုပ်ရှားမှုမျိုး တော့မရှိချေ ။ ခြေသံက ကျနော်တို့ကပ်နေသည့် နံရံနောက်တွင် ရုတ်တရက်ပျောက်သွားလေသည် ။ အင်းဇာတ်လမ်းကတော့ စပြီ ။ ကျနော်က အစွန်ဆုံးမှာဆိုတော့ အသိမသာ အနောက်နံရံဆီသို့ ချောင်းပြီး ကြည့်လိုက်သည် ။.အားပါးပါး ဘယ့်နှင့် ပုံဆိုးပန်းဆိုး သတ္တ၀ါပါလိမ့် ။ အရပ်ကပုပု ဆံပင်ကရှည်ရှည် ကျောကုန်းမှာ ဘုကြီး တစ်ခုကရှိသေးသည် ။ လက်ထဲမှာ လည်း တံစဉ် လိုလို သံကောက်လိုလို တစ်ခုကို ကိုင်ထားသေးသည် ။ အင်း လာခဲ့မိတာ မှားပြီထင်သည် ။ ဘေးဖက်မှ လေးယောက်လုံးကို ပြန်ကြည့်မိတော့ မျက်နှာတွေက ဖြူဖတ်ဖြူရော် ။ သွေးပျက်နေကြပေပြီ ။ ၁၀ မိနစ်လောက်ကြာတော့ အရာအားလုံးသည် ချောက်ခြားဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်သွားပြန်သည် ။ ကျနော်လည်း အားလုံးကို အချက်ပြပြီး ပတ်ဝန်းကျင်ကို လိုက်၍ အကဲခတ်လိုက်သည် ။ နံရံတွေက မြင်မကောင်းလောက်အောင် ပင် ယိုယွင်းပျက်ဆီးနေကြသည် ။

သရဲလိုလို ဘာလိုလို အကောင်တွေကိုပုံဆိုးပန်းဆိုး ပန်းချီဆွဲထားသော အရာများကို နေရာအနှံ့တွေ့ရလေသည် ။ ကျနော်တို့လည်း ရှေ့တည့်တည့်မှ လမ်းအတိုင်း ဆက်၍လျောက်လာခဲ့သည် ။ အခန်းတွေက အများကြီးပင် ဖြစ်သည် ။ ထိတ်လန့်ကြောက်ရွံ့လာသည့်အတွက် အခန်းပေါင်း မည်မျှ ရှိသည်ကိုပင် မမှတ်နိုင်အားတော့ပေ ။ နဲနဲဆက်လျောက်ပြီးသည်နှင့် အရှေ့မှ အခန်းတစ်ခုက ရုတ်တရက် ကြွီ ဟု အသံမြည်ပြီး ပွင့်သွားလေသည် ။ ကျနော်လည်း သိလိုဇောနှင့် ချောင်း၍ကြည့်မိရာ.......နွားခေါင်းပေါင်းများစွာကို သံချွန်များနှင့် ချိတ်ဆွဲထား သည်ကို တွေ့ရလေသည် ။ ထိုခေါင်းများမှ သွေးများက တစ်စက်ပြီး တစ်စက် ကြမ်းပြင်ပေါ်သို့ကျနေခြင်းပင် ဖြစ်သည် ။ မြင်ကွင်းက အော်ဂလီဆန်စရာကောင်းလှသဖြင့် ဆက်လက်၍ မကြည့်တော့ပဲ ရှေ့သို့ဆက် လာခဲ့သည် ။ မကြာမီ အသံပေါင်းစုံကြားလာ၍ နားစွင့်ကြည့်ရာ နွား အော်သံလိုလို လူအော်သံလိုလို ကြောက်မက်ဖွယ်အော်သံများကို ပီပီပြင်ပြင်ကြားလာရတော့သည် ။ ဟိုကောင်တွေကတော့ ခြေလှမ်းမဆက် တော့ပဲ အပေါ်ထပ် ပြန်တက်ရန်သာ လက်တို့နေသည် ။ ကျနော်လည်း လေသံတိုးတိုးဖြင့်

(ဟေ့ မင်းတို့လေးယောက် အပေါ်ပြန်တက်နှင့်ကွာ ငါခဏလောက် သွားကြည့်ပြီး ပြန်တက်လာခဲ့မယ် )
(အာ...ချိုကြီးရာ သေတော့မှာပဲ မင်းကတားလည်းရမှာမဟုတ်ဘူး မြန်မြန်ပြန်တက်ခဲ့နော် )
(ဟဲ့ ချိုကြီး မြန်မြန်ပြန်တက်လာနော် နင်မရှိရင် ငါတို့ကြောက်တယ်ဟဟို ၂ကောင်က နဂိုထဲက ငကြောက်တွေ )
(အေးပါဟာ ကဲ သွားတော့ သွားတော့ )

ဟုဆိုပြီး သူတို့ကို ပြန်လွှတ်လိုက်လေသည် ။ ကျနော်တစ်ယောက်တည်း ဓါတ်မီးကိုလည်း သူတို့နှင့် ထည့်ပေးလိုက်ရာ အရာအားလုံးသည် မှုန်ပြပြ သာ ။ အသံများကြားရာဆီသို့ အတတ်နိုင်ဆုံး ခြေသံကို နှိမ့်ပြီး ဆက်လက်လျောက်လာခဲ့သည် ။ အသံတွေက တဖြည်းဖြည်းကျယ်လောင်လာသည် ။ မီးရောင်လေးမှိန်မှိန်လေး ထွန်းထားသော အခန်းမှ ကြားနေရခြင်းဖြစ်သည် ။ မရဲတရဲနှင့်ချောင်းကြည့်လိုက်တော့.....အား.....ပါး..နွား ၁၀ ကောင်လောက်ကို လည်းပင်းများအား သစ်သားစွပ်များနှင့်စွပ်ကာ စိမ်ပြေနပြေ ဓါးများနှင့် တယောက်တ လှည့်ခုတ်နေခြင်းပင်ဖြစ်သည် ။ မြင်ကွင်းကိုကြည့်ပြီး ကြက်သေ သေသွားမိသည် ။ လူများတော့မဟုတ်တန်ရာ ။ ဂြိုလ်သတ္တ၀ါ လိုလို မိစ္ဆာကောင်တွေလိုလို နှင့် တစ်ချို့ကလည်း ထိုနွားဦးခေါင်းပြတ်များမှ ထွက်လာသော သွေးများကို လျာနှင့် လျှက်သူကလျှက်နေသေးသည် ။

ကျနော်လည်း ဒူးတွေတုန်ပြီး ပြန်လှည့်ထွက်မည်အပြုတွင် ရုတ်တရက် ခြေခေါက်ကာ ဗိုင်းကနဲ လဲကျသွားလေသည် ။ အခန်းထဲမှ ၀ူးဝူးဝါးဝါး အသံတွေကြားကာ အပြင်သို့ထွက်လာသံများကို ကြားရလေသည် ။ ကျနော်လည်း ကြောက်ကန်ကန်ပြီး နောက်လှည့်၍ ပြေးမိပြေးရာ ပြေးထွက်လေတော့သည် ။ နောက်မှ လိုက်လာသံများကိုလည်းကြားရာ အပေါ်သို့ တက်သည့်လမ်းကို ပင်မရှာနိုင်တော့ပဲ ပြေးမိပြေးရာ စွတ်ပြီး ပြေးထွက်လာမိသည် ။ ရှေ့သို့အားသွန်ခွန်စိုက် ပြေးနေသော်လည်း နောက်မှ တစ်စုံတစ်ဦးက လှမ်းဆွဲထားသလို
ခံစားနေရသည် ။ ချော်လဲမည်စိုးသဖြင့် ထိမ်း၍ ပြေးနေရခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ ရုတ်တရက် ထောင့်ချိုးတစ်ခုတွင် တံခါးပေါက်တစ်ခုတွေ့၍ လှစ်ကနဲပြေးဝင်လိုက်သည်။ ပြီးနောက်တံခါးကို ပိတ်ကာ ပြန်စေ့ထားလိုက်သည် ။ လိုက်လာသော ခြေသံများလည်း နီးလာချေပြီ ။

(ဟေ့ ကောင်တွေ လူဝင်နေတယ်ကွ ခုနကတွေ့လိုက်တယ် )
(ဟုတ်တယ် ဒီရှေ့တည့်တည့်ပဲ ဖြစ်မယ် လိုက်ကွာ ...)

ဆက်လက်ရေးသားပါဦးမည် ။

စာရေးသူ......သက်တန့်ချို (၉း၀၀ ည ၂.၁၂.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails