Saturday, August 29, 2009

ပြန်လည်တူးဆွမိတဲ့ငယ်ဘဝ



ပြန်လည်တူးဆွမိတဲ့ငယ်ဘဝ

(ပန်းရင့်ရောင်၏ တဂ်ကိုပြန်လည်ဖြေဆိုပါသည်။)


မိုးက အပြင်မှာ သည်းကြီးမဲကြီးရွာနေ၏ ။ မျက်နာပေါ် မိုးမှုန်လေးတွေ လာစင်တော့မှပြတင်းတံခါးကို သူထ၍ နဲနဲလေးစေ့လိုက်၏ ။ အပြင်ဖက်မှာ မိုးရွာနေသည့် မြင်ကွင်းကို အိမ်ထဲမှနေ၍ ငေးမောကြည့်ရသည်ကို သူအနှစ်သက်ဆုံးပင်။ အပြင်ဖက်မှာတော့ သူနှင့် ရွယ်တူ သူငယ်ချင်းတွေက ဘောလုံးကန်နေကြ၏ ။ ဒါပေမယ့် သူ့မှာတော့ သူတို့လိုဆော့ကစားခွင့် မရှိပေ။ ယခင်အပတ်တုန်းက သူတို့နှင့်အတူ ဘောလုံးကန်မိ၍ သူ ၂ ရက်ခန့်ဖျားနာခဲ့၏ ။ ထိုအချိန်မှစ၍ အိမ်မှ သူ့ကို မိုးရေထဲ ထွက်မဆော့ရဟု သတ်မှတ်ခဲ့၏ ။ အပြင်ကိုထွက်ကစား ချင်စိတ်က တားဆီးလို့မရအောင်ပင် တဖွားဖွားပေါ်လာခဲ့၏ ။ သူက ငယ်စဉ်ကတည်းက အခြားကလေးတွေနှင့် မတူခဲ့ ။ ဟိုးငယ်ငယ် ကလေးဘ၀တုန်းက မွေးကင်းစကလေးငယ်တိုင်းကို ကာကွယ်ဆေးထိုးပေး ရသည့် အစီအစဉ် ရှိခဲ့၏ ။ ဒါပေမယ့်အမေက ငယ်ငယ်ကတည်းက သူ့အပေါ် ပိုးမွေးသလိုမွေးခဲ့၏ ။ (အမှန်တော့သူက ပိုးကောင်လေးမဟုတ် ဖြစ်ချင်းဖြစ် ပိုးတုံးလုံးသာဖြစ်မည် ) အမေက သားအပေါ် ချစ်သည့်စိတ်ဖြင့် ကာကွယ်ဆေးထိုးလျှင် ဖျားမည်ဟု အကြောင်းပြကာ ကာကွယ်ဆေး မထိုးပေးခဲ့ ။ ငယ်စဉ်ကတည်းက သူကလည်းချူချာလွန်းခဲ့သည်။ သူ့မှာ အဖျားကြီးလျှင်တက်တတ်သောရောဂါ (Febrile convulsion)ရှိနေခဲ့၏ ။ ထိုအခါ ဆေးရုံက သူ့ကို ရောဂါဇစ်မြစ် (Cause of disease ) ကိုရှာ၍ မရသောကြောင့် ခါးတွင်းခြင်ဆီဖောက်ခြင်း( Lumber puncture ) လုပ်မည်ဟု ဆို၏ ။ ထိုအခါ သူ၏ ဦးလေးက ခါးဆီဖောက်လျှင် အကြောဆွဲတတ်သည်ဟုဆိုကာ ဆေးရုံမှ လက်မှတ်ထိုးကာ သူ့ကိုပြန်လည် ခေါ်ဆောင်လာခဲ့၏ ။ ပညာနည်းခဲ့သောကြောင့် မှားခဲ့သောအမှားများမှာ မေတ္တာဓါတ် အပြည့်နှင့်ဖြစ်သေကြောင့် သူဆရာဝန်ဖြစ်လာ သည်အထိ ပြန်လည်အပစ်တင်ပြောဆိုခြင်း မှရှိခဲ့ပေ။

သူငယ်စဉ်ကတည်းက အရမ်းကြောက်ခဲ့ရသော သူတစ်ဦးရှိခဲ့၏ ။ ထိုသူက သူ၏အဖေပင်။။ တစ်ခါက သူအပြင်ထွက်ဆော့ပြီး မိုးချုပ်မှ အိမ်ပြန်လာသည့်အတွက် အဖေက သူ့ကိုခြောက်ကာ သတင်းစာစက္ကူကို လိပ်၍ ချိန်ရွယ်ခဲ့၏ ။ သူအကြောက်ကြီးကြောက်ကာတက်ပြီး သတိလစ်မေ့မျောခဲ့၏ ။ ထိုအချိန်မှစ၍ အဖေကသူ့ကိုဆူပူကြိမ်းမောင်းခြင်းမပြုခဲ့သည်မှာယနေ့အထိပင်။(တစ်ခါတစ်လေအပစ်
လုပ်မိလျှင်တော့ခပ်တည်တည်နှင့် ကြည့်တတ်၏ ။ )ငယ်ဘ၀မှာ သူအမှတ်ရသော အရာတစ်ခု ရှိ၏ ။ ထိုနေ့က သူ သူ့သူငယ်ချင်းတွေနှင့် အတူ ဘောလုံးသွားကန်ခြင်းမှ အစပြုခဲ့၏ ။ ပြန်လာသောအခါ ဒါဏ်ရာရပြီး ခြေထောက်က ထော့နဲ့ထော့နဲ့ ဖြစ်လာခဲ့၏ ။၃ ရက်လောက်ကြာသောအခါ ခြေထောက်က ယောင်ကိုင်းလာ၏။ ဆေးခန်းသွားပြသောအခါ အသားကြေသည်ဟုဆို၍ ခြေဖ၀ါးကိုခွဲ၍ ခြစ်ထုတ်ခဲ့ရ၏ ။ ထိုအချိန်မှစ၍ သူ့အပေါ် စည်းကမ်းတွေက တစ်ရစ်ပြီးတစ်ရစ် ရစ်ပတ်လာခဲ့၏ ။ သို့သော်မတတ် နိုင် ။ သူကစားခြင်းကို လျော့ပြီး စာကိုဖိ၍ ကြိုးစားခဲ့၏ ။ ငယ်စဉ်ကတည်းက ကာကွယ်ဆေးမထိုးခဲ့၍လားမသိ ။ သူ့တွင် ကိုယ်ခံအားစနစ်(Immune System ) အလွန်ကောင်းကာ ယနေ့အထိရော ဂါ ကြီးကြီးမားမား မဖြစ်ခဲ့ ။

မှတ်မှတ်ရရ ၈ တန်းလောက်တုန်းက အူယောင်ငန်းဖျားရောဂါ ( Typhoid fever ) တစ်ခုသာလျှင်ဖြစ်ခဲ့၏ ။ ထိုစဉ်က သူမစားနိုင် မသောက်နိုင်နှင့် ပိန်ချုံးကာ(ယခုလည်းသိပ်တော့မ၀ပါ)ကျောင်းများဆက်တိုက် ပျက်ခဲ့ဖူး၏ ။
ငယ်စဉ်ကလေးဘ၀မှာ သူနောင်တအလွန်ရမိသော ယနေ့အထိမေ့မရနိုင်ခဲ့သော ဖြစ်ရပ်တစ်ခု ရှိခဲ့၏ ။ အဲဒီတုန်းက အသက်က ၆ နှစ်ကျော်။ကျောင်းခဏပိတ်၍ ရွာသို့သူအလည်အပတ် လိုက်သွားခဲ့၏ ။ ကျောင်းပိတ်ရက်တိုင်း ရွာသို့အလည်သွားသည်မှာ ထုံးစံပင်။ သူတို့ရွာကလေးကဧရာဝတီတိုင်း မြန်အောင်မြို့မှ နေ့တစ်ဝက်လောက် သင်္ဘောစီး၍ သွားရသော အိုးဘိုကျွန်းရွာကလေးဖြစ်၏ ။ ရွာအပြင်ဖက်မှာတော့ ထန်းပင်တွေကအစီအရီ ။ နွေဆိုလျှင် ဧရာဝတီမြစ်ကြီးက သောင်တွေထွန်းလာပြီး ထိုသောင်ပေါ်မှာ မတ်ပဲ ဗိုလ်ကိတ် ပဲနောက် ပဲလွန်း ပဲကြီး ပြောင်းဖူး နေကြာဖရဲသီး စသည်ဖြင့် အမျိုးမျိုးစိုက်ကြ၏ ။ သူလည်းရွာမှာသိပ်မနေပဲမြစ်သောင်ပြင်ကြီးတွင်တဲထိုး၍နေရသောသောင်ခုံသို့လိုက်သွား၏။သောင်ပြင်တွင်လိုက် ဖမ်း၍ရသော သောင်ပုရစ်များက အလွန်စား၍ကောင်း၏ ။ မြို့မှ ပုရစ်တွေလို မဲမဲကြီးတွေမဟုတ် ။ ဖြူဖြူဖွေးဖွေး အကောင်ကြီးကြီးတွေဖြစ်၏ ။

ဒီရေတက်သော လသာညမျိုးဆိုလျှင် သူနှင့်လေးလေးတို့ မြစ်ကမ်းစပ်ကိုဆင်းပြီး ပုဇွန်ထုပ်ဖမ်းကြ၏ ။ ထိုအခါက ပုဇွန်ထုပ်များမှာ အလွန်ပေါ၏ ။ မြစ်ကမ်းစပ်သို့ဆင်းပြီး လက်ကရေထဲမှာ စမ်းနေယုံပင် ။ လက်ကိုတစ်ခုခုလာထိ၍ဖမ်းပြီးရေပေါ်တင်လိုက်လျှင်လက်တစ်ဝါးခန့်ပုဇွန်တစ်ကောင်ကတန်းလန်းပါလာသည်ပင်။ ဖမ်းမိသောပုဇွန်ကို ခါးပိုက်ထောင်ထဲထည့်ပြီး နောက်တစ်ခါ ထပ်ဖမ်းယုံပင် ။သူဆိုလျှင်ပုဆိုးက မမြဲသည့်အတွက် ပြေကျကာ ဖမ်းမိသမျှ ပုဇွန် သုံးလေးကောင်က ပြန်လွတ်သွား ခဲ့၏ ။ သတိရ၍ကြည့်မိတော့ ပုဇွန်ကတစ်ကောင်မှမရှိတော့ ။ ( တော်သေးတာပေါ့ လူကိုတွတ်မသွားတာ ဟီး) ဖမ်းမိသောပုဇွန်များကို တဲထဲရောက်လျှင်ကင်၍ စားကြ၏ ။
သူတို့တဲတွင် ကြက်များမွေးထား၏ ။ အကောင် ၃၀ ခန့်တော့ရှိ၏ ။ တစ်ခါကကြက်မကြီးမှ ဥများပေါက်၍ ကြက်သေးသေးလေးများ မွေးဖွားလာ၏ ။သူကလည်း ကြက်ကလေးများကို ချစ်သည့်စိတ်ဖြင့် ကြက်ကလေးတွေထွက်မပြေးစေရန် ခြေထောက်ကို အပ်ချည်ကြိုးနှင့် ချည်မိ၏ ။ နောက်သူလည်းမေ့သွားကာ ပြန်မဖြည်မိခဲ့ ။ သတိရ၍ပြန်ကြည့်မိတော့ ကြက်လေးရဲ့ခြေထောက်မှာ နီရဲယောင်ကိုင်းနေခဲ့၏ ။ ထိုအချိန်မှ သူသတိရကာပြန်ဖြည်ပေးခဲ့၏ ။ သို့သော်ကြက်ကလေးက နောက် ၂ ရက်တွင် သေဆုံးသွားခဲ့၏ ။ သူအရမ်းဝမ်းနည်းကာ ငိုကျွေးမိ၏ ။ ကြက်ကလေးကိုသဲခုံပေါ်တွင်သူ မြုပ်နှံပေးခဲ့၏ ။ ( အသက်ကြီးလာတော့လည်း ကြက်ခြေထောက်ကိုမှ ရွေးစားမိ၏ ဟီး ) သူ့ဘ၀တွင် ယနေ့အထိ မေ့မရနိုင်ခဲ့သောငယ်ငယ်ကလေးဘ၀၏ ရသစုံခဲ့သော ပန်းချီကားချပ်များပင် ဖြစ်၏ ။

အထက်ဖော်ပြပါ သူ ဆိုသည်မှာ ယနေ့သက်တန့်ချိုပင်ဖြစ်၏ ။

စာရေးသူ...သက်တန့်ချို....( ၁း၀၀ မနက် ၂၉.၈.၀၉)

10 comments:

  1. အဟိ သူများတွေဦးသလို ၁ဦး ဦးမယ်။ အဟိ စာဖတ်ရသေးဘူး.. နံပါတ် ၁ ဒန့် ဒန် :P

    ReplyDelete
  2. ဆရာဝန်လောင်းက ချူချာချက်။ :)

    ReplyDelete
  3. ငယ်ဘဝကို ဖတ်သွားပါတယ် ကိုသက်တန့် ချို
    ကောင်းသောနေ့ ပါ
    အေးမြသာယာပါစေ
    ရန်ကုန်သား

    ReplyDelete
  4. ခုလိုရေးပေးတဲ့အတွက်ကျေးဇူးနော်။အဆင်ပြေပါစေ။

    ReplyDelete
  5. ဆရာဝန်ကိုယ်တိုင်က ချူချာလို့ဖြစ်ဘူးလေ။ သူများကို ကုပေးရဦးမယ်လေ။ :) အခုမှ သိတာက မသက်တန့်ချို မှတ်နေတာ ဆော်ရီးနော် ကိုသက်တန့်ချို

    ReplyDelete
  6. ကိုသက်ရေ..
    ရသစုံခဲ့သော ပန်းချီကားချပ် လာကြည့်တယ်။
    ငယ်ငယ်က ချူချာလို့  ဘုရားက ဒဏ်ပြန်ခတ်ပြီး ဆရာဝန်ပေးဖြစ်တာ။ ဟဟားးးးး

    ReplyDelete
  7. သူဌေးတော်တော်များများကက ငယ်ငယ်တုန်းက မွဲတယ်တဲ့... ဆရ၀န်တွေလဲ ငယ်ငယ်တုန်းက ချူချာလား မပြောတတ်ပါဘူး..ဦးသက်တန့်ရယ်
    ငြိမ်းချမ်းပါစေ

    ReplyDelete
  8. သက်တန့် ငယ်ငယ်ကချူချာတယ်ဆိုတာ ယုံတယ် ..ဒါကြောင့်လူက နွဲ့ နွဲ့ လေးဖြစ်နေတာကိုး.... ခိခိ

    ReplyDelete
  9. snwchitthu88@gmail.comMarch 20, 2012 at 10:57 AM

    အင်းစာထဲကပုံစံအရဆိုရင်ကိုသက်တန့်ကငယ်
    ငယ်တုံးကတော်တော်ကိုချူချာတာပဲနော်အခု
    ရောချူချာတုံးပဲလားဒါပေမယ့်ကိုသက်တန့်ပုံစံကအဲလိုမထင်ရဘူးနော်ကိုသက်တန့်ရဲ့ငယ်ဘ၀ကိုအားပေးသွားပါတယ်

    ReplyDelete
  10. ဟုတ်တယ်နော် အကို သက်တန့်ချို၊ ကိုယ့်အားနည်းချက်က တစ်ချိန်မှာ ကိုယ့်ကို အောင်မြင်ခြင်းဆီကို တွန်းပို့ပေးနိုင်တဲ့ အချက်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးနော်၊ ဒီအချက်ကို ရိပ်မိသွားတဲ့သူတွေကတော့ သူတို့ရဲ့ အားနည်းချက်တွေကို အားအဖြစ်မွေးပြီး အားငယ်၊ စိတ်ပျက်နေမယ့်အစား ကြိုးစားသွားကြတယ် ...

    အကို သက်တန့်ချိုပို့စ်ကို ဖတ်ရင်းဖြစ်တည်သွားတဲ့ စိတ်ပါ ...း)

    ReplyDelete

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails